မောက်မယ်မြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သဘာဝမြေသြဇာ ထုတ်လုပ်နည်းသင်တန်း အခမ်းအနားကျင်းပ

မောက်မယ် စက်တင်ဘာ ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုး ရေးနှင့် လူမှုစီးပွားဘဝမြှင့်တင်နိုင်ရန်အတွက် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ကျေးလက်နေလူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းရရှိရေး လုပ်ငန်းစဉ်များကို စီမံချက်ရေးဆွဲကာ တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန် ရည်ရွယ်ချက်များဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မောက်မယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှကြီးမှူး၍ ၂၀၂၅−၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်သည့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အထောက်အကူပြု သဘာဝမြေသြဇာထုတ်လုပ်နည်းသင်တန်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီကအဆိုပါ  မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ လင်းခေးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်စုစုလင်းနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးမင်းသက်နိုင်တို့က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစွမ်းရည်ထူးက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များ၊ သင်ကြားမည့်အစီအစဉ်များနှင့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး ခရိုင်ဦးစီးမှူးနှင့်တာဝန်ရှိသူများက  သင်တန်းဆရာနှင့် သင်တန်းသားများအား သင်ထောက်ကူပစ္စည်းများအသီးသီးပေးအပ်၍ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။

စိုင်းမျိုးသန့်(ပြန်/ဆက်)