မိုးနဲ စက်တင်ဘာ ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင် မိုးနဲမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေး အသိပညာပေးခြင်းကို ယမန်နေ့ညနေ ၃ နာရီခွဲအချိန်က ပေါ့မိုင်းရပ်ကွက်ရှိ ပြည်သူ့အားကစားကွင်း မိုးလုံလေလုံအားကစားရုံနေရာတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အသိပညာပေးခြင်းတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းစိုးက ဆက်သွယ်ရေးလိမ်လည်မှုဆိုင်ရာ အသိပညာပေးဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်၊ အွန်လိုင်းမှတစ်ဆင့် လူကုန်ကူးဆောင်ရွက်နေမှုများ၊ လောင်းကစားမှုများဆောင်ရွက်နေမှု၊ ဆက်သွယ်ရေးဆိုင်ရာနည်းလမ်းများ အသုံးပြု၍ လိမ်လည်မှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။
တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနနှင့် ကမ္ဘောဒီးယားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနတို့မှ ပေးပို့လာသော လန်ချန်း - မဲခေါင် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဗဟိုဌာန (LMLECC)ပေးပို့လာသည့် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဗီဒီယို အပိုင်း(၁)နှင့်အပိုင်း (၂) ဗီဒီယိုကလစ်များအား ပရိုဂျက်တာဖြင့် ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)