မိုင်းယောင်းမြို့နယ်၌ သံကူကွန်ကရစ်တံတားတည်ဆောက်နိုင်ရေး ကွင်းဆင်းစစ်ဆေး

မိုင်းယောင်း စက်တင်ဘာ ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ပြည်နယ်(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် တည်ဆောက်မည့် ဝမ်ခိုကဲ-ဟောင်ကျန့်-ဝမ်ကောင်း-ဝမ်တောင်းလမ်း(ထပ်လုံစေတီလမ်း)ပေါ်ရှိ ပေ(၃၀) သံကူကွန်ကရစ်တံတား တည်ဆောက်မည့်နေရာအား ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးတင်လင်းနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများမှ စက်တင်ဘာလပထမပတ်က တံတားတည်ဆောက်နေမှုအား ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။

တံတားတည်ဆောက်နေမှုအခြေနေများနှင့်ပတ်သက်၍ ဆောင်ရွက်မည့် ပုံစံအဆင့်ဆင့်နှင့် တံတားဆိုင်ရာ အချက်အလက်များအား ညွှန်ကြားရေးမှူး(မြိူ့ပြ) ဦးကျော်ဇေယျံလင်းမှ ရှင်းလင်းတင်ပြသည်။ ဝမ်ခိုကဲ-ဟောင်ကျန့်-ဝမ်ကောင်း-ဝမ်တောင်းလမ်း (ထပ်လုံစေတီလမ်း)သည် မိုင်းယောင်းမြို့၏ အထင်ကရ ထပ်လုံစေတီသို့ သွားရောက်ဖူးမြော်သည့်လမ်းဖြစ်ပြီး ကျေးရွာအုပ်စု(၂)စု၊ ကျေးရွာ(၄)ရွာ၊ အိမ်ခြေ(၃၂၉)အိမ်၊ လူဦးရေ(၁၆၅၄)ဦးအား အကျိုးပြုနေသောလမ်းဖြစ်သည်။ တံတားအရှည် ၃၀ ပေ၊ အကျယ်၂၀ပေ၊ အမြင့် ၇ ပေ သံကူကွန်ကရစ်တံတားအမျိုးအစားဖြစ်ပြီး လုပ်ငန်းအမြန် စတင်အကောင်ထည်ဖော်နိုင်ရေးနှင့် လုပ်ငန်းဆောင်ရွက်ချိန် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မှီစွာ ဆောင်ရွက်နိုင်ရန် ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။

ဝေဝေခိုင်(ပြန်/ဆက်)