မင်္ဂလာဒုံ စက်တင်ဘာ ၉
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်စတင်ကျင်းပသွားမည်ဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိမဲဆန္ဒရှင်ပြည်သူများ လွယ်ကူစွာဆန္ဒမဲပေးနိုင်ရေးအတွက် စက်တင်ဘာလ ၇ ရက်နေ့ နံနက် ၁၀ နာရီတွင် မြို့နယ်အတွင်းမဲရုံတည်ဆောက်မည့်သတ်မှတ်မြေနေရာများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးကောင်းညွန့်နှင့် အဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီးရန်နိုင်ကျော်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌဦးထူးကျော်နှင့်အဖွဲ့ဝင် ဗိုလ်မှူးဝင်းကျော်ဦး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြို့နယ်ရွေးကောက်ပွဲအရာရှိနှင့် အဖွဲ့ဝင်များက မြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအားလုံး လွယ်ကူစွာမဲပေးနိုင်ရေးအတွက် ရပ်ကွက်များအလိုက်မဲရုံတည်ဆောက်မည့်မြေနေရာများလျာ ထားမှုအခြေအနေကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထို့ပြင် စက်တင်ဘာ ၆ ရက်နေ့တွင်လည်း ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ အဖွဲ့၀င်ဒုတိယဗိုလ်မှူးကြီး ရန်နိုင်ကျော်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထူးကျော်နှင့်အဖွဲ့ဝင် ဗိုလ်မှူးဝင်းကျော်ဦး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိဒေါ်စိမ်းလဲ့စောလွင်၊ မြို့နယ်ပညာရေးမှူးဒေါ်သန္တာဝင်း၊ မြို့နယ်မီးသတ်ဦးစီးမှုး ဦးမြင့်ခိုင်တို့ပါ၀င်သောအဖွဲ့များသည် ပေါက်ကုန်းရပ်ကွက်အတွင်း မဲရုံတည်ဆောက်မည့်မြေနေရာများအားကြည့်ရှု့စစ်ဆေး၍ လိုအပ်သည်များကိုလမ်းညွှန်မှာကြားပြီး မင်္ဂလာဒုံမြို့နယ်တွင် မြို့ပေါ်(၂၇)ရပ်ကွက်၊ ကျေးရွာအုပ်စု(၅)အုပ်စုရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် ပြည်သူများအားလုံး လွယ်ကူစွာဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံ(၁၄၄)ရုံလျာထားကြောင်း မြို့နယ်ရွေးကောက်ပွဲအရာရှိထံမှ သိရသည်။
မင်းသိန်းထွန်း