တောင်ကြီးမြို့၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အကြို အသိပညာပေး Bill Board စိုက်ထူပွဲ အခမ်းအနားကျင်းပ

တောင်ကြီး စက်တင်ဘာ ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ နောင်လေကျေးရွာအုပ်စု၊ မဲသောင်းကျေးရွာ၊ တောင်ကြီး - ဟိုပုံးလမ်းရှိ (၄) မိုင် စစ်ဆေးရေးဂိတ်၌ ယမန်နေ့နံနက် ၈ နာရီက  ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၃ ရက်နေ့တွင် ကျရောက်မည့် (၁၃)ကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အကြို လူကုန်ကူးမှုအသိပညာပေး Bill Board စိုက်ထူပွဲအခမ်းအနား ကျင်းပသည်။

ရှေးဦးစွာ ရှမ်းပြည်နယ် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း၊ ရှမ်းပြည်နယ်လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ဒုတိယဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့် ရှမ်းပြည်နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ အတွင်းရေးမှူး၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ကျော်ကျော်ဟန်တို့က အလျား ၁၂ ပေ၊ အနံ ၈ ပေရှိ “လူကုန်ကူးမှုတိုက်ဖျက်ဖို့ ခေါင်းပုံဖြတ်မှုအဆုံးသတ်စို့” ဆောင်ပုဒ်ပါ လူကုန်ကူးမှုအသိပညာပေး Bill Board အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။

ဆက်လက်၍ အမှတ်(၁၅) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့စု(တောင်ကြီး)တပ်ဖွဲ့စုမှူး ရဲမှူး မျိုးဇင်နှင့်တပ်ဖွဲ့ဝင်များ၊ ယာဥ်ထိန်းတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များက လူကုန်ကူးမှုအသိပညာပေး လက်ကမ်းစာစောင်များကို ခရီးသွားပြည်သူများအား ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အကြို အသိပညာပေး Bill Board ဖွင့်ပွဲအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ အတွင်းရေးမှူး၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်၊ အမှတ်(၁၅) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့စု(တောင်ကြီး) တပ်ဖွဲ့စုမှူး၊ ရဲမှူးနှင့်တပ်ဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ လူကုန်ကူးမှုတားဆီး နှိမ်နှင်းရေးအဖွဲ့ဝင်များ၊ ယာဥ်ထိန်းတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်ဇင်(ပြည်နယ်၊ ပြန်/ဆက်)