ရှမ်းပြည်နယ် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှု ကြီးကြပ်ရေးကော်မတီအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၅) ကျင်းပ

တောင်ကြီး စက်တင်ဘာ ၉

ရှမ်းပြည်နယ် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာ ကြီးကြပ်ကွပ်ကဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၅)ကို ယမန်နေ့မွန်းလွဲ ၁ နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၂) ၌ ကျင်းပသည်။

အစည်းအဝေးသို့ ရှမ်းပြည်နယ် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှု ကြီးကြပ်ကွပ်ကဲရေးကော်မတီဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီး စိန်ဝင်း၊ တပ်မတော်မှ ကိုယ်စားလှယ်ကော်မတီအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ရှမ်းပြည်နယ် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုကြီးကြပ်ကွပ်ကဲရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးက ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် (၄/၂၀၂၅)ဖြင့် အတည် ပြုပြဋ္ဌာန်းခဲ့ပါကြောင်း၊ ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှု ကြီးကြပ်ကွပ်ကဲရေးဗဟိုကော်မတီက ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၅ ပုဒ်မခွဲ (ခ) အရ ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှု လိုင်စင် သို့မဟုတ် ခွင့်ပြုမိန့်လျှောက်ထားခြင်းဆိုင်ရာ ညွှန်ကြားချက်ကို ၁၈-၆-၂၀၂၅ ရက်တွင် ဗဟိုကော်မတီ၏ အမိန့်ကြော်ငြာ စာအမှတ်(၁၆/၂၀၂၅)ဖြင့် အတည်ပြုထုတ်ပြန်ပြီးဖြစ်ပါကြောင်း ပြောကြားပြီး ရှမ်းပြည်နယ်အတွင်း ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်လိုသည့် ကုမ္ပဏီများအနေဖြင့် သတ်မှတ်ထားသည့် အချက်အလက်များပြည့်စုံစွာဖြင့် ရက်ပေါင်း (၃၀)အတွင်း လျှောက်ထားရန်လိုပါကြောင်း၊ ကိုယ်ပိုင်လုပ်ငန်းနှင့်လုပ်ငန်းခွဲများတွင် လုံခြုံရေးဝန်ထမ်း ၁၀ ဦး အထက်ခန့်ထားလိုသည့် လုပ်ငန်းရှင်များသည် ခွင့်ပြုမိန့်ကို သက်ဆိုင်ရာ၊ ပြည်နယ်ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုကြီးကြပ်ကွပ်ကဲရေးကော်မတီထံသို့ အချိန်မီ လျှောက်ထားရမည်ဖြစ်ပါကြောင်း၊ ပြည်နယ်ပုဂ္ဂလိကလုံခြုံရေး ဝန်ဆောင်မှုကြီးကြပ်ကွပ်ကဲရေး ကော်မတီကလျှောက်လွှာများကို သတ်မှတ်ချက်များနှင့် ညီညွတ်မှုရှိ/မရှိစိစစ်၍ ညီညွတ်မှုရှိသည့် လျှောက်လွှာများကို သဘောထားမှတ်ချက်နှင့်အတူ ဗဟိုကော်မတီသို့ တင်ပြရမည်ဖြစ်ပြီး ဗဟိုကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ပြည်နယ်ကြီးကြပ် ကွပ်ကဲရေးကော်မတီက လိုင်စင် သို့မဟုတ် ခွင့်ပြုမိန့်ကို လျှောက်ထားသူထံ ထုတ်ပေးရမည်ဖြစ်ပါကြောင်း၊ ပုဂ္ဂလိကလုံခြုံရေး ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်မည့်ကုမ္ပဏီများအား နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အများပြည်သူတို့၏ အေးချမ်းသာယာရေးကို အထောက်အကူပြုစေရန်နှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေပြီး နိုင်ငံတကာအဆင့်မီ ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုများ ဖြစ်လာစေရန်အတွက် ပြည်နယ်ပုဂ္ဂလိကလုံခြုံရေး ဝန်ဆောင်မှုကြီးကြပ်ကွပ်ကဲရေးအဖွဲ့က ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကြပ်မတ်ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပုဂ္ဂလိကလုံခြုံရေးဆိုင်ရာ ကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲ့ဝင်များက ပုဂ္ဂလိကလုံခြုံရေး ဝန်ဆောင်မှုဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများအလိုက် တင်ပြဆွေးနွေးခဲ့ကြပြီး ပြည်နယ်ကော်မတီအတွင်းရေးမှူး၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးချုပ် ကျော်ကျော်ဟန်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့‌ကြောင်း သိရသည်။

ကျော်ဇင်(ပြည်နယ်၊ ပြန်/ဆက်)