သုံးခွမြို့နယ်၌ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံသတ်မှတ်နေရာများ ကြည့်ရှုစစ်ဆေး

သုံးခွ စက်တင်ဘာ ၉

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၁)ကို ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပသွားမည်ဖြစ်ရာ ရန်ကုန်တိုင်း‌ဒေသကြီး၊ သန်လျင်ခရိုင်သုံးခွမြို့နယ်ရှိ မဲဆန္ဒရှင်ပြည်သူများ လွယ်ကူစွာဆန္ဒမဲပေးနိုင်ရေးအတွက် ယမန်နေ့ နံနက် ၉ နာရီတွင် မြို့နယ်အတွင်း မဲရုံတည်ဆောက်မည့်သတ်မှတ်မြေနေရာများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးလင်းမောင်သက်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက မြို့နယ်အတွင်းဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအားလုံး လွယ်ကူစွာမဲပေးနိုင်ရေးအတွက် ရပ်ကွက်‌/ကျေးရွာများအလိုက် မဲရုံတည် ဆောက်မည့်နေရာများ လျာထားမှုအခြေအနေကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

သုံးခွမြို့နယ်တွင် မြို့ပေါ်(၁၂)ရပ်ကွက်၊ ကျေးရွာအုပ်စု(၆၄)အုပ်စုရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများအားလုံး လွယ်ကူစွာဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံ(၁၃၄)ရုံလျာထားကြောင်း မြို့နယ်ရွေးကောက်ပွဲအရာရှိထံမှသိရသည်။

စည်သူလင်း(ပြန်/ဆက်)