နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ၂ဝ၂၅ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားတက်ရောက်

နေပြည်တော် စက်တင်ဘာ ၉

၂ဝ၂၅ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ဇ‌မ္ဗူသီရိမြို့နယ်၊ အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်း သုခပညာခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ဇနီး၊  နေပြည်တော်ကောင်စီဝင်များနှင့် ဇနီးများ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “စာတတ်မြောက်ရေးဝိုင်းကူပေး” တေးသီချင်းဖြင့် ဂုဏ်ပြုသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အဖွင့်အမှာစကားပြောကြာရာ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားကို နှစ်စဉ် စက်တင်ဘာလ(၈)ရက်နေ့ရောက်တိုင်း ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကျင်းပကြသလို မြန်မာနိုင်ငံမှာလည်း ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံယူနက်စကို အမျိုးသားကော်မရှင်တို့မှကြီးမှူးပြီး နှစ်စဉ်ကျင်းပလျက်ရှိပါကြောင်း၊  ၂၀၂၅ ခုနှစ်၊ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ဆောင်ပုဒ်ဖြစ်သည့် “ဒီဂျစ်တယ်ခေတ်ကိုလိုက်မီဖို့ စာတတ်မြောက်ရေးမြှင့်တင်စို့ (Promoting literacy in the digital era)” ဖြစ်ပါကြောင်း၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်အမှတ်(၄)၏ ရည်မှန်းချက်များဖြစ်သည့် “ ၂၀၃၀ ပြည့်နှစ်မှာ လူငယ်များအားလုံး အမျိုးသား၊ အမျိုးသမီးများအပါအဝင် အရွယ်ရောက်သူများ အရေး၊ အဖတ်နဲ့အတွက်၊ အချက် တတ်မြောက်စေရန်”၊ “၂၀၃၀ ပြည့်နှစ်မှာ သင်ယူသူအားလုံး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ပေးနိုင်ရန်အတွက် လိုအပ်သည့် အသိပညာ၊ ကျွမ်းကျင်မှုများသင်ယူရရှိနိုင်ရန်၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး အားပေးသည့် ပညာရေးမှတစ်ဆင့် ရေရှည်တည်တံ့သော ဘဝနေထိုင်မှုပုံစံများ၊ လူ့အခွင့်အရေး၊ ကျား၊ မရေးရာ တန်းတူညီမျှရေး၊ ငြိမ်းချမ်းရေးနှင့် အကြမ်းမဖက်ရေး၊ ကမ္ဘာလုံးဆိုင်ရာ နိုင်ငံသားဖြစ်မှု အလေ့အထများကို အားပေးမြှင့်တင်ရန်နှင့် မတူကွဲပြားသည့်ယဉ်ကျေးမှုများ၊ ထုံးတမ်းဓလေ့များရဲ့ အထောက်အကူပြုမှုတွေကို တန်ဖိုးထားရန်” တို့အပြင် စာတတ်မြောက်ရေးလုပ်ငန်း၏အရေးပါမှုကို ပြည်သူများ ပိုမိုသိရှိနိုင်ရန် ရည်ရွယ်ပြီး စာတတ်မြောက်ရေးနေ့အခမ်းအနားကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံသူနိုင်ငံသားများ၏ အခြေခံစာတတ်မြောက်မှုသည်  အဓိကလိုအပ်ချက်တစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံအသီးသီးမှာ ကိုယ့်နည်းကိုယ့်ဟန်နှင့်  စာမတတ်သူ လျော့နည်းပပျောက်ရေးကို အင်တိုက်အားတိုက် ဆောင်ရွက်နေကြပါကြောင်း၊  မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီးချိန်မှစပြီး လူထုအခြေပြုစာတတ်မြောက်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် အလေးထားဆောင်ရွက်ခဲ့ကြောင်း၊  ၁၉၆၄ ခုနှစ်ကစပြီး “ဝ-ထ-က-လ-သ”ဆိုတဲ့ တေးသံဟာ “လယ်ကွင်းကိုဖြတ်၊ ရိုးပြတ်ကိုကျော်”ကာ မြန်မာနိုင်ငံတစ်ဝန်းလုံးပျံ့နှံ့ခဲ့ပြီး အသက်ဝင်လာခဲ့ပါကြောင်း၊ စာမတတ်သူပပျောက်ရေး “အသုံးလုံး”စီမံကိန်းနဲ့ မြန်မာနိုင်ငံစာတတ်မြောက်ရေးစီမံကိန်း ကြိုးပမ်းလှုပ်ရှားမှုများဟာ ကမ္ဘာကျော်ကမ္ဘာသိဖြစ်ခဲ့ပြီး ၁၉၇၁ ခုနှစ်မှာ ကမ္ဘာ့ကုလသမဂ္ဂ စာတတ်မြောက်ရေးဆိုင်ရာ ယူနက်စကိုအဖွဲ့ချုပ်ရဲ့ “မိုဟာမက်ရေဇာပါလာဗီဆု”နဲ့ ၁၉၈၃ ခုနှစ်မှာ “နိုမာဆု”ကို ချီးမြှင့်ခြင်းခံခဲ့ရပါကြောင်း၊ နိုင်ငံတော်လုံခြုံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ “နိုင်ငံသားတိုင်း စာတတ်မြောက်မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုဆောင်ရွက်နိုင်မှာဖြစ်တယ်” ဆိုသည့် လမ်းညွှန်ချက်နဲ့အညီ ဒေသအလိုက်စာမတတ်သူများကို စာတတ်မြောက်စေဖို့အတွက် တာဝန်ရှိပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနဲ့ ပြည်သူများပူးပေါင်းဆောင်ရွက်သွားကြဖို့လိုပါကြောင်း၊ နိုင်ငံတော်အနေနဲ့ “နိုင်ငံတော်ဖွံ့ဖြိုးဖို့ပညာရေးကိုအားပေးစို့” ဆိုသည့် ဆောင်ပုဒ်နဲ့အညီ ကျောင်းနေအရွယ်ကလေး အားလုံးကျောင်းတက်ရေးနဲ့ KG+9 ပြီးမြောက်ရေးအတွက် ဦးတည်ချက်ချထားပြီး ဆောင်ရွက်နေသည့်အပြင် အခြေခံပညာနဲ့ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများကို တိုးချဲ့ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း၊ ၂၁ ရာစုခေတ်မှာ ဒီဂျစ်တယ်နည်းပညာများကို လွယ်ကူစွာအသုံးပြုနိုင်ရန်နှင့်  ချိတ်ဆက်ဆက်သွယ်ပြောဆိုနိုင်ရန်  စာတတ်မြောက်မှုဟာ အလွန်ပင်အရေးကြီးသည့်အတွက် “လူတိုင်းစာတတ်မြောက်ရေး၊ လူတိုင်းအရေး”ဆိုသည့် အသိ၊ အမြင်၊ သဘောထားများမှန်ကန်စွာထားရှိပြီး သမိုင်းပေးမွန်မြတ်တဲ့ စာတတ်မြောက်ရေးလုပ်ငန်းကို အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ အားသွန်ခွန်စိုက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၅ ခုနှစ်၊ နိုင်ငံတကာစာတက်မြောက်ရေးနေ့ အထိမ်းအမှတ် Video Clip အား ပြသခဲ့သည်။

ယင်းနောက် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၁၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “လူတိုင်းအတွက်ပညာရေး” တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ဖျော်ဖြေတင်ဆက်ကြသည့် ကျောင်းသား၊ ကျောင်းသူများအား  ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ဥတ္တရ)