ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်‌တွင် မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆက်လက်ဆောင်ရွက်

ဒဂုံ(တောင်) စက်တင်ဘာ ၉

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြိူ့သစ်(တောင်ပိုင်း)မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ယမန်နေ့ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ၅၄ ရပ်ကွက် သာသနာ့ဓဇဓမ္မာရုံနှင့် ၅၃ ရပ်ကွက် ဦးဘိုးလှဘုရားဓမ္မာရုံတို့၌ နှစ်ပိုင်းခွဲဆောင်ရွက်ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ဝင်ဦးထွန်းလင်းနိုင်(ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန)နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှနည်းပြများက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ အများပြည်သူများသိသင့်သိထိုက်သည့်အချက်များ၊ မဲစာရင်းတွင်ပါဝင်သူ အမျိုးသား၊ အမျိုးသမီးများမှ မဲပေးပိုင်ခွင့်ရှိခြင်းနှင့် မဲပေးပိုင်ခွင့်ရှိသူများ၊ အသက်(၁၈)နှစ်ပြည့်ပြီး မဲပေးပိုင်ခွင့်မရှိသူများနှင့် ပတ်သက်သည့်အချက်များ၊ မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြုပုံအဆင့်ဆင့်တို့ကို အသိပညာပေးဆွေးနွေးကြပြီး ရွေးကောက်ပွဲတွင်အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်ကို မဲဆန္ဒရှင်ပြည်သူများက လက်တွေ့စမ်းသပ်မဲပေးကြသည်။ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို မဲဆန္ဒရှင်ပြည်သူများ စနစ်တစ်ကျမဲပေးနိုင်ရန်အတွက် မဲပေးစက်ဆိုင်ရာအသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအစီအစဥ်အား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ရပ်ကွက်များအလိုက်အဖွဲ့များခွဲ၍ ရပ်ကွက်များတွင် တနင်္လာနေ့မှသောကြာနေ့အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဆက်လက်ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သန်းသန်းအေး(ပြန်/ဆက်)