ရန်ကုန် စက်တင်ဘာ ၉
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံး၏ ၂၀၂၅ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကမာရွတ်မြို့နယ်၊ လေ့ကျင့်ရေးအထက်တန်းကျောင်းတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ချိုချိုမြတ်အောင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “စေတနာပန်းတို့ လန်းရာမြေ” သီချင်းဖြင့် ဂုဏ်ပြုသီဆိုဖွင့်လှစ်ခဲ့သည်။
ထို့နောက် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားကျင်းပရေး ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားရာ နိုင်ငံသားတိုင်း အခြေခံပညာ မူလတန်းအဆင့် မသင်မနေရသတ်မှတ်ချက်ထက်တိုးမြှင့်ပြီး KG+9 အထိအားလုံး သင်ကြားတတ်မြောက်ရေး၊ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းထွက်မှုလျော့နည်းစေရေး၊ ကျောင်းနေအရွယ်လူငယ်တိုင်း ပညာသင်ကြားနိုင်ရေး မိဘများ၊ ဆရာများနှင့် တာဝန်ရှိသူများအားလုံးက ၂၀၂၅ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေး ဆောင်ပုဒ်ဖြစ်သည့် “ဒစ်ဂျစ်တယ်ခေတ်ကိုလိုက်မီဖို့ စာတတ်မြောက်ရေးမြှင့်တင်စို့” ဟူသောဆောင်ပုဒ်အတိုင်း ပညာရေးကိုမြှင့်တင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်စသည်တို့ကို ပြောကြားသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာချိုချိုမြတ်အောင်က ၂၀၂၅ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ်နှင့် သက်ဆိုင်သော ကောက်နှုတ်ချက်များအား ဖတ်ကြားပြီး ၂ဝ၂၅ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနား စာတတ်မြောက်ရေး လုပ်ငန်းများဆောင်ရွက်မှု Video Clip အား ပြသသည်။
ယင်းနောက် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်တို့က ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကမာရွတ်မြို့နယ်၊ လေ့ကျင့်ရေးအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက“တို့အင်တို့အား”သီချင်းဖြင့် ဂုဏ်ပြုသီဆိုဖျော်ဖြေခဲ့ကြကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖျော်ဖြေရေးအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
၎င်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့က ၂၀၂၅ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားတွင် ခင်းကျင်းပြသထားသောပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)