မိုင်းပျဉ်း စက်တင်ဘာ ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် မြို့နယ်အဆင့် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် ကဗျာ၊ ပန်းချီနှင့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဒုတိယမြို့နယ် ပညာရေးမှူးက ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို ပြောကြားသည်။ ထို့နောက် ပြိုင်ပွဲများကို စတင်ရာ မိုင်းပျဉ်းမြို့နယ်အတွင်းရှိ အ.ထ.က၊ အ.ထ.က(ခွဲ)၊ အ.ထ.က(မိုင်းမန်း)၊ အ.ထ.က(မိုင်းပုအွန်)နှင့် မူလွန် အ.မ.က(ဝမ်ယန်း)ကျောင်းတို့မှ ကဗျာပြိုင်ပွဲတွင် အလယ်တန်းအဆင့်(၇)ဦး၊ အထက်တန်း အဆင့်(၆)ဦး၊ ပန်းချီပြိုင်ပွဲတွင် အလယ်တန်းအဆင့်(၁၀)ဦး၊ အထက်တန်းအဆင့်(၆)ဦးနှင့် စာစီစာကုံးပြိုင်ပွဲတွင် မူလတန်းအဆင့်(၆)ဦး၊ အလယ်တန်းအဆင့်(၆)ဦး၊ အထက်တန်း အဆင့်(၆)ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၄၇)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ကဗျာ၊ ပန်းချီနှင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသားစုံညီ ပွဲတော်ကျင်းပချိန်၌ ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ပညာရေး အ.ထ.ကကျောင်းမှ သတင်းရရှိသည်။
နန်းသန္တာဦး(ပြန်/ဆက်)