နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် နေပြည်တော်ကောင်စီဝင်များ ဇမ္ဗူသီရိမြို့နယ် အတွင်းရှိ သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

ဇမ္ဗူသီရိ စက်တင်ဘာ ၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ သံဃာတော်အရှင်သူမြတ်များ နှင့် ဆွမ်းလောင်းအသင်းများအား ဆွမ်းဆန်တော်၊ ဆီနှင့် ပဲများလှူဒါန်းခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက် နန်းဦးကျောင်းတိုက်တွင် ကျင်းပပြုလုပ်ရာ နေပြည်‌တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုး၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊  ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများ၊ ရပ်မိ၊ ရပ်ဖများ၊ ဒေသခံပြည်သူများ တက်ရောက်ကြ‌ကြောင်း သိရသည်။

 ပထမဦးစွာ နေပြည်‌တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးနှင့် တက်ရောက်လာကြသူများက အခမ်းအနားအား နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ဇမ္ဗူသီရိမြို့နယ်၊ နန်းဦး ကျောင်းတိုက် စာချနာယကဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မ မထေရ်မြတ် ထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ဆရာတော် သံဃာတော်အရှင်သူမြတ်များထံမှ ပရိတ် တရားတော်များ နာယူကြည်ညိုခြင်း၊ ဆရာတော် သံဃာတော်များထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခြင်းနှင့် သံဃဒါန ဆွမ်းလောင်းအသင်းများအတွက် ဆွမ်းဆန်တော်၊ ဆီနှင့် ပဲများ ပေးအပ်လှူဒါန်းခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ဇမ္ဗူသီရိမြို့နယ်၊ နန်းဦးကျောင်းတိုက် စာချနာယကဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မ မထေရ်မြတ်ထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းလောင်း အမျှပေးဝေခြင်းတို့ပြုလုပ်ဆောင်ရွက်ခဲ့ပြီး ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

နီလာ(ပြန်/ဆက်)