လယ်ဝေး စက်တင်ဘာ ၈
နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် ယမန်နေ့မွန်းလွဲပိုင်းက တာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ်အတွင်းရှိ သဲကောကြီးကျေးရွာနှင့် ပျံချီကျေးရွာစာကြည့်တိုက်များတွင် စာဖတ်ရှိန်မြှင့်တင်ရေးဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေး၍ ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်သည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် ပျံချီကျေးရွာ၊ သီရိအလင်းရောင်စာကြည့်တိုက်သို့ရောက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများအား စာဖတ်သည့် အလေ့အကျင့်ရရှိစေရန်အတွက် စာကြည့်တိုက်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုများဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ စာတတ်သူတိုင်း စာဖတ်နိုင်ကြစေရန် လက်လှမ်းမီသည့် ကျေးရွာစာကြည့်တိုက်များ ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း၊ စာအုပ်စာပေများကိုလေ့လာဖတ်ရှုပြီး မှတ်သားကြရန်၊ မှတ်သားထားသည့် အသိပညာဗဟုသုတများကို မိမိကိုယ်တိုင်အသုံးချနိုင်သည့်အပြင် အခြားသူများကိုလည်း ပြန်လည်မျှဝေပေးနိုင်သည့်အတွက် စာဖတ်ခြင်းအလေ့အကျင့်စွဲမြဲအောင် အစပြုဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်းပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများအား ဆိုလာမီးသီးနှင့် စားသောက်ဖွယ်ရာများ၊ လူသုံးကုန်ပစွည်းများ ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးက ပုံပြောပြိုင်ပွဲတွင် ဆုရရှိသူ ငါးဦးနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ဆုရရှိသူ သုံးဦးတို့အား ဆုလက်ဆောင်များ ပေးအပ်သည်။ ထို့နောက် စာကြည့်တိုက်ကော်မတီဝင်များနှင့်တွေ့ဆုံကာ စာကြည့်တိုက်ရှင်သန်ဖွံ့ဖြိုးရေးအတွက် ကော်မတီဝင်များ၊ ရပ်မိရပ်ဖများနှင ဒေသခံပြည်သူများ ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်ရန်နှင့် ကျောင်းသား၊ကျောင်းသူလူငယ်လေးများ ဗလငါးတန်နှင့် ဘက်စုံထူးချွန်သည့် မျိုးဆက်သစ်လူငယ်များဖြစ်လာစေရေး၊ အမှား၊ အမှန်ဝေဖန်ပိုင်းခြားနိုင်သည့် အသိပညာနှင့်ပြည့်စုံသည့် သားငယ်သမီးငယ်များဖြစ်လာစေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန် ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင်သည် သဲကောကြီးကျေးရွာ ပန်းရဂုံစာကြည့်တိုက်သို့ရောက်ရှိကာ စာကြည့်တိုက်ရှင်သန်ခိုင်မာရေး ပုံပြောပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူ ၈ ဦးအား ဆုလက်ဆောင်များပေးအပ်ပြီး ကျောင်းသား၊ ကျောင်းသူများအား ဆိုလာမီးသီးနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများသည် ကွမ်းခြံကျေးရွာအုပ်စု၊ လက်ပန်ခုန်ကျေးရွာနှင် အောင်းကုန်းကျေးရွာများသို့ ရောက်ရှိပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံကာ မိုးစပါးသီးနှံများ ပန်းတိုင်အထွက်နှုန်းထွက်ရှိရေး၊ မိုးစပါးများအချိန်မီစိုက်ပျိုးနိုင်ရေး၊ သီးနှံများမစိုက်ပျိုးမီ စနစ်တကျမြေပြုပြင်ရေး၊ သီးနှံများရာသီပြည့်စိုက်ပျိုးနိုင်ရန်အတွက် အထွက်နှုန်းကောင်းပြီး သက်တမ်းတိုသည့်မျိုးများ ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ သဘာဝမြေဩဇာများကိုယ်တိုင်ပြုလုပ် အသုံးပြုနိုင်စေရေး ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ ဒေသခံတောင်သူများက လိုအပ်ချက်များတင်ပြရာ နေပြည်တော်ကောင်စီဝင်က သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)