နမ့်စန်(တ) စက်တင်ဘာ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်း ၂ နာရီက ဟိုက်ဖတ်ကျေးရွာအုပ်စုရှိ ဝမ်လုံကျေးရွာဘုန်းကြီးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးလုပ်ငန်းတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဒုတိယဦးစီးမှူး ဒေါ်ဆုထားဝေက ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် မဲပေးနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ မြန်မာအီလက်ထရောနစ်စက်ဖြင့် မဲပေးရခြင်း၏ အကျိုးကျေးဇူးများကို အသိပညာပေးရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဝန်ထမ်းများက တက်ရောက်လာကြသော ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများကို မြန်မာအီလက်ထရောနစ်စက် (MEVM)ဖြင့် စမ်းသပ်မဲပေးခြင်းအား လက်တွေ့လုပ်ဆောင်ခဲ့ကြသည်။
အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်မှုကို နမ့်စန်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ငြိမ်းချမ်းအောင်(နမ့်စန်)