နေပြည်တော် စက်တင်ဘာ ၈
ပြည်ထောင်စုနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ သံဃာတော်အရှင်သူမြတ်များနှင့် ဆွမ်းလောင်းအသင်းများအား ဆွမ်းဆန်တော်၊ ဆီနှင့် ပဲများလှူဒါန်းခြင်းအခမ်းအနားကို ယမန်နေ့နေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက် နန်းဦးကျောင်းတိုက်တွင် ကျင်းပပြုလုပ်ရာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုး၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိ၊ ရပ်ဖများ၊ ဒေသခံပြည်သူများ တက်ရောက်သည်။
ဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးနှင့် တက်ရောက်လာသူများက အခမ်းအနားအား နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ဇမ္ဗူသီရိမြို့နယ်၊ နန်းဦးကျောင်းတိုက် စာချနာယကဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မမထေရ်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ဆရာတော်သံဃာတော်အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များ နာယူကြည်ညိုခြင်း၊ ဆရာတော်သံဃာတော်များထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် သံဃဒါနဆွမ်းလောင်းအသင်းများအတွက် ဆွမ်းဆန်တော်၊ ဆီနှင့် ပဲများ ပေးအပ်လှူဒါန်းခြင်းများ ပြုလုပ်ခဲ့သည်။
ထို့နောက် ဇမ္ဗူသီရိမြို့နယ်၊ နန်းဦးကျောင်းတိုက်စာချနာယကဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မ မထေရ်မြတ်ထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းလောင်းအမျှပေးဝေခြင်းတို့ ပြုလုပ်ဆောင်ရွက်ခဲ့ပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အောင်သူရဦး(ပြန်/ဆက်)