နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေး

နေပြည်တော် စက်တင်ဘာ ၈

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ဥတ္တရသီရိမြို့နယ်၊ မောင်ရမ်းကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာရှိ ဦးရဲနိုင်ဦး၏ မွေးမြူထားရှိသည့် ဆိတ်မွေးမြူရေးခြံသို့ရောက်ရှိပြီး မွေးမြူထားရှိသည့် ဆိတ်များအား ကြည့်ရှုအားပေးပြီး နည်းစနစ်တကျမွေးမြူနိုင်ရေး၊ အကောင်အရေအတွက် တိုးမြင့်မွေးမြူရန်နှင့် သက်ဆိုင်သည့် ဌာနများအနေဖြင့် မွေးမြူခြင်းနည်းပညာပေးခြင်းများ ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တစ်ပိုင်တစ်နိုင် မွေး‌မြူရေးလုပ်ငန်းလုပ်ကိုင်သည့် မွေးမြူရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး ဒေသတွင်း အသား၊ ငါး ဖူလုံမှုရှိစေရေးအတွက် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်လိုအပ်ပါကြောင်း၊ တစ်ပိုင်တစ်နိုင်မွေးမြူရေးမှ စီးပွားဖြစ်မွေးမြူနိုင်ရန် လိုအပ်ပါကြောင်းနှင့် နည်းစနစ်တကျ မွေးမြူသွားရန် ပြောကြားခဲ့သည်။

ယင်းနောက် တစ်ပိုင်တစ်နိုင်မွေးမြူရေးလုပ်ကိုင်သူများမှ တင်ပြဆွေးနွေးချက်များအပေါ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဥတ္တရသီရိမြို့နယ် မင်းကုန်းကျေးရွာ တောင်သူဦးကျော်ရွှေ၏ ကွင်းအမှတ် (၁၈၈၈) ကွင်း၌ တောင်သူများမှ ‌နှမ်းရိုး၊ မြေပဲရိုး၊ ပြောင်းရိုးနှင့် နေကြာရိုးများဖြင့် မြေဆွေးပုံပြုလုပ်နည်း လက်တွေ့သရုပ်ပြသမှုအား တောင်သူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ပြီး (၂၁)သစ်စက်ကျေးရွာ တောင်သူဦးအောင်မြင့်သန်း၏ ကွင်းအမှတ် (၁၈၉၂)ကွင်း၌ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိ‌စေရေးအတွက် သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ လက်တွေ့သရုပ်ပြ ရောစပ်ကြဲပက်နေမှုအား ကြည့်ရှုအားပေးခဲ့သည်။ ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဇလောင်း(မြောက်)ကျေးရွာ ဦးကျော်မြင့်ထွန်း၏ သရက်ဇုန်အတွင်း ကော်ဖီပင်စိုက်ပျိုးထားရှိမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)