ကျိုင်းတုံမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်ဆန္ဒမဲပေးခြင်းများ‌ ဆောင်ရွက်

ကျိုင်းတုံ စက်တင်ဘာ ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွ့စမ်းသပ် ဆန္ဒမဲပေးခြင်းကို ယမန်နေ့က  မြို့တော်ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားတွင် ကျိုင်းတုံမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ  ဦးစောမင်းသူက အမှာစကားပြောကြားပြီး  မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်စုမွန်ကျော်က  မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ သူနာပြုသင်တန်းမှ တာဝန်ရှိသူများနှင့်သင်တန်းသား သင်တန်းသူများ၊ အစိုးရနည်းပညာအထက်တန်းကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ၊ ပညာရေးဒီဂရီကောလိပ်မှ ဆရာ/ဆရာမများ နှင့် ကျောင်းသား/သူများ၊ အမျိုးသမီးသက်မွေး သင်တန်းကျောင်းမှ ဆရာ/မ များနှင့် သင်တန်းသူများက MEVM စက်ကို အသုံးပြုကာ စမ်းသပ်မဲပေးခြင်းနှင့် တာဝန်ရှိသူများက မဲရလဒ်များ ထုတ်ယူကြည့်ရှု စစ်ဆေးခြင်းများကို သရုပ်ပြသကြရာ ကျိုင်းတုံခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ  ဦးနိုးဝေနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)