မဟာအောင်မြေ စက်တင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ CEA ကိုယ်ပိုင်အထက်တန်းကျောင်း၌ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းကို စက်တင်ဘာ ၈ ရက်နေ့က ကျင်းပသည်။
ရှေးဦးစွာ မဟာအောင်မြေမြို့နယ်၊ CEA ကိုယ်ပိုင်အထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးဇော်မင်းနှင့် CEA ကိုယ်ပိုင်ကျောင်းတည်ထောင်သူ ဒေါ်အေးချမ်းဖြူတို့က အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်သိန်းစိုးက လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် စကားဝိုင်းကို ဆက်လက်ကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူ ဒေါ်မြင့်မြင့်သွယ်က Moderator အဖြစ် ဦးဆောင်ဆွေးနွေးခဲ့ပြီး Grade (7)၊ Grade (8)၊Grade (9) မှ ကျောင်းသား၊ ကျောင်းသူများက လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်မူးယစ်ဆေး၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်သိပ္ပံနည်းပညာ စသည့် ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေး ခဲ့ကြသည်။
တက်ရောက်လာသော ကျောင်းသား၊ သူလေးများက ဆွေးနွေးချက်များအပေါ် သိလိုမှုများ မေးမြန်းရာ ဆွေးနွေးပေးခဲ့သော ကျောင်းသား/ကျောင်းသူများက ပြန်လည်ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီးနောက် ကျောင်းသား/ကျောင်းသူများသည် ပြသထားသော အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အောင်ဇော်မင်း