စဉ့်ကိုင် စက်တင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးကြမည့် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လွယ်ကူစွာဆန္ဒမဲပေးတတ်စေရန် ရည်ရွယ်ကာ ကျောက်ဆည်တက္ကသိုလ်ရှိ Theatre ခန်းမ၌ စက်တင်ဘာ ၈ ရက်နေ့ နံနက် ၉ နာရီ မိနစ် ၃၀ က မြန်မာအီလက်ထရောနစ်မဲပေးစက်အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့ စမ်းသပ်မဲပေးခြင်းများ ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးအောင်ဆန်းဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် ဆန္ဒမဲပေးခြင်း လုပ်ငန်းစဉ်အဆင့်ဆင့်ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ပြည်သူများက သိလိုသည်များကို မေးမြန်းကြရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် မြို့နယ်ရွေးကောက်ပွဲ အရာရှိတို့က ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
ယင်းနောက် တက်ရောက်လာကြသူများက မဲပေးစက်ဖြင့် ဆန္ဒမဲပေးခြင်းကို ကိုယ်တိုင်လက်တွေ့စမ်းသပ်ဆောင်ရွက်ကြသည်။ ၎င်းနောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အရာရှိက မဲစာရင်းဖြင့် ဆန္ဒပြုသူအရေအတွက် တိုက်ဆိုင်စစ်ဆေးခြင်းနှင့် ကိုယ်စားလှယ်လောင်းတစ်ဦးချင်းစီ၏ ဆန္ဒမဲလက်မှတ်များ စိစစ်၍ မဲရလဒ်ထုတ်ပြန်ခြင်းများကို သရုပ်ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျော်စွာ(စဉ့်ကိုင်)(၃၉၉)