မိတ္ထီလာ စက်တင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ (၁၄၂) ကြိမ်မြောက် သမိုင်းဝင်ဖောင်တော်ဦးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို စက်တင်ဘာ ၇ ရက်နေ့ညနေ ၄ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲအမျိုးသားအငယ်တန်းပြိုင်ပွဲနှင့် အမျိုးသား အကြီးတန်းပြိုင်ပွဲဗိုလ်လုပွဲကို သမိုင်းဝင်ဖောင်တော်ဦးစေတီတော်အနီး မိတ္ထီလာကန်ရေပြင်တွင် ကျင်းပရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်ဦး၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးချစ်မင်းဦး၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် ဘုရားပွဲတော်လာသူများက စည်ကားသိုက်မြိုက်စွာ ကြည့်ရှုအားပေးသည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲကို ကျင်းပရာ အမျိုးသမီးပြိုင်ပွဲတွင် ပထမဆုရ ရွှေလှိုင်းဖြူအသင်း၊ ဒုတိယဆုရ ကျော်ဇေယျာဟိန်းအသင်း၊ အမျိုးသားအငယ်တန်းပြိုင်ပွဲတွင် ပထမဆုရ ကျော်ဇေယျာဟိန်းအသင်း၊ ဒုတိယဆုရ ကံကြီးမောင်အသင်း၊ တတိယဆုရ အလင်းသစ်အသင်း၊ အမျိုးသားအကြီးတန်းပြိုင်ပွဲတွင် ပထမဆုရဇာတိသွေးအသင်း၊ ဒုတိယဆုရ စတားမောင်မောင်အသင်းနှင့် တတိယဆုရ ဝါးတန်းအောင်ခန့်အသင်းတို့အား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ဆုကလပ်များ၊ ဆုငွေများနှင့် ဂုဏ်ပြုပစ္စည်းများကိုလည်းကောင်း၊ ပြိုင်ပွဲကျင်းပစဉ် ရေပြင်ကူညီကယ်ဆယ် စောင့်ရှောက်ရေး ဆောင်ရွက်ပေးခဲ့သည့် မျိုးဆက်သစ်မြတ်ပါရမီလူမှုူကူညီရေးအသင်းအား ဂုဏ်ပြုဆုငွေများကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါမြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲကို စက်တင်ဘာလ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ ကျင်းပခဲ့ပြီး အမျိုးသားအကြီးတန်းအသင်း ၅ သင်း ၊ အမျိုးသမီးအသင်း ၄ သင်း၊ အမျိုးသာ အငယ်တန်းအသင်း ၂ဝ သင်း စုစုပေါင်း ၂၉ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ချမ်းသာ