အမရပူရ စက်တင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တွင် လာမည့်ရွေးကောက်ပွဲတွင်အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနိုင်အောင် အသိပညာပေးခြင်းနှင့်လက်တွေ့မဲပေးခြင်းလုပ်ငန်းများကို အမရပူရကော်ရှင်အဖွဲ့ခွဲမှ စက်တင်ဘာ ၃ ရက်နေ့မှ စတင်ပြီးကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါအသိပညာပေးခြင်းနှင့်လက်တွေ့မဲပေးခြင်းများကို စက်တင်ဘာလ ၃ ရက်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများကိုလည်းကောင်း၊ စက်တင်ဘာ ၅ ရက်နေ့နံနက်ပိုင်းတွင် မှန်တန်းရပ်ကွက်၊ မိုးကောင်းဓမ္မာရုံတွင်လည်းကောင်း ညနေပိုင်းတွင် လေးစုရပ်၊ လေးစုဓမ္မာရုံတို့တွင် ရပ်ကွက်နေပြည်သူများအား လက်တွေ့မဲပေးခြင်းအသိပညာများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ယနေ့နံနက်ပိုင်းက ဓနုံးကျေးရွာအုပ်စု၊ ယဉ်တော်စံကျေးရွာ၊ အောင်သိဒ္ဓိကပ်ကျော်ဓမ္မာရုံတွင် မဲဆန္ဒရှင်ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ရာ အမရပူရမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဓနုံးကျေးရွာအုပ်စု၊ မြစ်ငယ်ရပ်ကွက်၊ ဥယျာဉ်တော်ကျေးရွာအုပ်စု၊ မြစ်လောင်းကျေးရွာအုပ်စု၊ တောင်သမန်ကျေးရွာအုပ်စုနှင့် စာတိုးကျေးရွာအုပ်စုတို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူ (၁၉၄၈) ဦးတို့အား အမရပူရမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိ၊ ဒေါ်နန်းအေးအေးစိုးက မြန်မာအီလက်ထရောနစ်မဲပေးစက်တည်ဆောက်ပုံ၊ မဲပေးခြင်း လုပ်ငန်းစဉ်အဆင့်ဆင့်အား ရှင်းလင်းပြောကြားခဲ့ပြီး တစ်ဦးချင်းကိုယ်တိုင် စမ်းသပ်မဲပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ထံမှသိရသည်။
စိုးသီဟ(အမရ)