စဉ့်ကိုင် စက်တင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးကြမည့် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လွယ်ကူစွာ ဆန္ဒမဲပေးတတ်စေရန် စက်တင်ဘာ ၇ ရက် နံနက် ၁၀နာရီက ရန်အောင်မြင်ရပ်ကွက် မြသီတာပန်းခြံအတွင်းရှိ မြို့နယ်ခန်းမ၌ (မြို့နယ်အဆင့်) ဌာနဆိုင်ရာများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးမှုသရုပ်ပြပွဲ ပြုလုပ်ရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဝင်းကြူ၊ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးအောင်ဆန်းဦးနှင့် ဝန်ထမ်းများ၊ ကျေးရွာဒေသခံများ စုစုပေါင်း လူဦးရေ ၇၄၁ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဦးစွာ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးအောင်ဆန်းဦးက အမှာစကားပြောကြားခဲ့ပြီး မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် ဆန္ဒမဲပေးခြင်း လုပ်ငန်းစဉ်ကို ရှင်းလင်းပြောကြား သည်။ ထို့နောက် တက်ရောက်လာကြသည့် ပြည်သူများက သိလိုသည်များကိုမေးမြန်းကြရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် မြို့နယ်ရွေးကောက်ပွဲအရာရှိတို့က ရှင်းလင်းဖြေကြားသည်။ ယင်းနောက် တက်ရောက် လာကြသူများက မဲပေးစက်ဖြင့် ဆန္ဒမဲပေးခြင်းကို ကိုယ်တိုင်လက်တွေ့ စမ်းသပ်ဆောင်ရွက်ကြသည်။
ကျော်စွာ (စဉ့်ကိုင်)