မန္တလေးတက္ကသိုလ် ရာပြည့်သဘင်အထိမ်းအမှတ်အဖြစ် "ဂုဏ်ယူဖွယ်ရာ အမှတ်တရများနှင့် မန္တလေးတက္ကသိုလ်" စကားဝိုင်းနှင့် "အနာဂတ်၏ ဗိသုကာများ" လူငယ်စကားဝိုင်း ကျင်းပ

‎‎မဟာအောင်မြေ စက်တင်ဘာ ၇

‎‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်  မန္တလေးတက္ကသိုလ် နှစ်(၁၀၀)ပြည့် ကျင်းပရေးကော်မတီနှင့် မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA)တို့ ပူးပေါင်းကျင်းပသည့် "ဂုဏ်ယူဖွယ်ရာ အမှတ်တရများနှင့် မန္တလေးတက္ကသိုလ်" စကားဝိုင်းနှင့် "အနာဂတ်၏ ဗိသုကာများ" လူငယ်စကားဝိုင်းကို ယနေ့နံနက်က Hotel Hazel  ၌ ကျင်းပပြုလုပ်ခဲ့သည်။

‎‎ရှေးဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်များထူးချွန်ထက်မြက်ပြီး ပညာရေးတိုးတက်ကောင်းမွန်စေရန်၊ ဘက်စုံပညာရေးစီမံကိန်းတွေကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန်၊ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်တိုင်းမှာ လူငယ်များသည် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်စေရန်၊ ဗလငါးတန်းနှင့်ပြည့်စုံသည့် လူငယ်များဖြစ်လာစေရန် စသည့်အကြောင်းအရာများကို ပြောကြားခဲ့သည်။

‎‎ဆက်လက်ပြီး မန္တလေးတက္ကသိုလ်ပါမောက္ခချုပ် ဆရာကြီး Dr နေဝင်းဦးက မန္တလေးတက္ကသိုလ် ရာပြည့်သဘင်နှင့်ပတ်သက်၍ အမှတ်တရစကားပြောကြားပြီး မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းဥက္ကဋ္ဌ ဦးဇော်မျိုးအောင်က စကားဝိုင်းကျင်းပရခြင်းနှင့်ပတ်သက်၍ အကျယ်တဝင့် ပြောကြားခဲ့သည်။

‎‎ထို့နောက် စကားဝိုင်းကို ဆက်လက်ကျင်းပရာ  ဆရာ ဦးခင်မောင်စိုးက ဦးဆောင်ဆွေးနွေးခဲ့ပြီး အမျိုးသားစာပေဆုရ စာရေးဆရာဆူးငှက်၊ သူရိန်နန်းကိုယ်ပိုင်အထက်တန်းကျောင်း ဆရာဦးတင်မောင်၊ Hotel Hazel M.D ဒေါ်သန်းသန်းဆွေ၊ရွှေချည်ထိုးနှင့်ပန်းချီပညာရှင် ဆရာဦးစိန်မြင့်၊ Oriental House (Mdy) တည်ထောင်သူ ဆရာမ ဒေါ်ခင်စောဦး၊ ဘောလုံးလက်ရွှေစင်ဆရာ ဦးဇော်ဝင်း၊ KMC ကိုယ်ပိုင်အထက်တန်းကျောင်း တည်ထောင်သူ ဆရာ ဦးခင်မောင်ချို၊ ပြေးခုန်ပစ်နှင့်ဘောလီဘောအားကစားလက်ရွှေစင်ဆရာမ ဒေါ်ခင်ခင်အေးချိုတို့မှ မန္တလေးတက္ကသိုလ် ဂုဏ်ယူဖွယ်ရာအမှတ်တရအကြောင်းအရာများကို တက်ရောက်ဆွေးနွေးပြောကြားပြီး "အနာဂတ်၏ဗိသုကာများ‌" လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ  မန္တလေးတက္ကသိုလ်ကျောင်းသားဟောင်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များက အနာဂတ်မျိုးဆက်သစ်များအနေဖြင့် ပညာရေးဘွဲ့တစ်ခုသာမက နိုင်ငံ့ခေါင်းဆောင်ကောင်းတွေဖြစ်လာစေရန်၊ စွမ်းရည်တွေ၊ Skill‌ တွေ ပြည့်ဝစေရန်အတွက် ဘာသာရပ်ဆိုင်ရာတွေကိုအမြဲလေ့လာရန်လိုအပ်ကြောင်း စသည်များကို ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

‎‎အဆိုပါ စကားဝိုင်းကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ မန္တလေးတက္ကသိုလ်ပါမောက္ခချုပ် ဆရာကြီး Dr နေဝင်းဦးနှင့် ဒုတိယပါမောက္ခချုပ်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား/သူများ၊ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA)မှ တာဝန်ရှိသူများဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ စာရေးဆရာကြီး၊ ဆရာမကြီးများ၊ ကျောင်းသား/သူဟောင်းများ၊ မြို့မိမြို့ဖများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

‎‎အောင်ဇော်မင်း