ရွှေတိဂုံစေတီတော်၊ မြောက်ဘက်မုခ်၊ ချမ်းသာကြီးတန်ဆောင်း၌ တတိယအကြိမ်မြောက် အသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကျင်းပ

ရန်ကုန် စက်တင်ဘာ ၇

မြန်မာနိုင်ငံအတွင်းရှိ ရဟန်းရှင်လူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ၂၀၂၅ ခုနှစ်၊ ဝါတွင်းကာလအတွင်း၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော တတိယအကြိမ်မြောက် အသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ရွှေတိဂုံစေတီတော်၊ မြောက်ဘက်မုခ်၊ ချမ်းသာကြီးတန်ဆောင်းတွင် ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်အမှူးပြုသော ပင့်သံဃာ(၁၈)ပါး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ဝင်များ၊ ဝတ်အသင်းများနှင့် တာဝန်ရှိသူများက တက်ရောက်ကြသည်။

ဦးစွာ အခမ်းအနားအား နုမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ သံဃာ့နာယကအဖွဲ့ ဩဝါဒါစရိယ ဆရာတော်ဘဒ္ဒန္တအဘိဇာတထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။

ထို့နောက် ဆရာတော်များအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့က လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဩဝါဒါစရိယ၊ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ ဒွိပဋကဓရ၊ ဒေါက်တာ ဘဒ္ဒန္တအဂ္ဂသာမိ ဆရာတော်ထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချ အမျှပေးဝေသည်။

ယင်းနောက် ဆရာတော် ဘဒ္ဒန္တကေလာသက နတ်ဗြဟ္မာအပေါင်းတို့အား ဂါထာပါး၍ ပြန်လည်ပို့ဆောင်ပြီး ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ် ရွတ်ဆိုဆုတောင်းကြပြီး အဆိုပါ အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲကို စက်တင်ဘာလ(၂)ရက်နေ့မှ စက်တင်ဘာလ(၆) ရက်နေ့အထိ ရွတ်ဖတ်ပူဇော်ခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)