မော်လမြိုင် စက်တင်ဘာ ၇
မွန်ပြည်နယ် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(အဆင့်မြင့်ပညာအဆင့်)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးတို့က မွန်ပြည်နယ် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(အဆင့်မြင့်ပညာအဆင့်)ဖွင့်ပွဲ အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်တွင် ကျောင်းသား၊ ကျောင်းသူများသည် ပညာရေးတွင်သာထူးချွန်ရုံမျှမကပဲ အနုပညာဘက်မှာလည်းဘက်စုံတော်သည့် မျိုးဆက်သစ်အနုပညာရှင်များပေါ်ထွန်းလာစေရန် ယခုကဲ့သို့မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း၊ ပါဝင်ယှဉ်ပြိုင်ကြမည့် မျိုးဆက်သစ်လူငယ်များအနေနဲ့ အနုသုခုမပညာဖြင့် အနှစ်သာရရှိရှိအားထုတ်ကြိုးပမ်း ယှဉ်ပြိုင်သွားကြရန်နှင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်)ပြိုင်ပွဲကြီးတွင် ပြည်နယ်အတွက် အောင်မြင်မှုဆုတံဆိပ်များပိုမိုရရှိနိုင်ရေးအတွက် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ပေးကြရန်ဖြင့် အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(အဆင့်မြင့်ပညာအဆင့်)တွင် မော်လမြိုင်တက္ကသိုလ်၊ သူနာပြုသင်တန်းကျောင်း၊ သားဖွားသင်တန်းကျောင်း၊ပညာရေးဒီဂရီကောလိပ်တို့မှပြိုင်ပွဲဝင်များ၏ အမျိုးသား၊ အမျိုးသမီးတစ်ဦးချင်းအကပြိုင်ပွဲနှင့် အရေးပြိုင်ပွဲများ၏ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြမှုအပေါ်ကြည့်ရှုအားပေးခဲ့ကာ ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးလိုက်လံအားပေး နှုတ်ဆက်ခဲ့ကြောင်းသိရှိရသည်။
စည်သူ(ပြန်/ဆက်)