ကျောက်ပန်းတောင်း စက်တင်ဘာ ၇
(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်၊ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ရဲတပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက် ၁၁ နာရီခွဲက မြို့နယ်ပြည်သူ့ဆေးရုံကြီး၊ ဓာတ်ခွဲခန်းအဆောင်တွင် ပြုလုပ်ခဲ့သည်။
အဆိုပါ သွေးလှူဒါန်းပွဲတွင် ကျောက်ပန်းတောင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၊ မြို့မရဲစခန်းနှင့် စခန်းခွဲအသီးသီးတို့မှ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် (၁၂) ဦးတို့က စုပေါင်းသွေးလှူဒါန်းကြရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဆေးရုံအုပ်ကြီး ဒေါက်တာ ကျော်ထူးမြတ်နှင့် ကျန်းမာရေးဝန်ထမ်းများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးကြသည်။ သွေးလှူဒါန်းနေသူများအား မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး နိုင်ဝင်းထွန်း၊ မြို့မစခန်းမှူး ဒုတိယရဲမှူး ကျော်ဇင်ထွေးတို့က ကြည့်ရှုအားပေးကြပြီး သွေးလှူရှင်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား လိုအပ်သည့် အားဖြည့်အဟာရများနှင့် ဆေးဝါးများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)