ဒေါပုံ စက်တင်ဘာ ၇
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ် ယမုံနာ ၁ ရပ်ကွက်ရှိ အသောကာရာမကျောင်းတိုက်၌ ယမန်နေ့နံနက် ၉ နာရီအချိန်က တော်သလင်းလပြည့်နေ့(ဂရုဓမ္မအခါတော်နေ့) ဝါတွင်းကာလ ဥပုသ်သီလပေးတရားတော်ကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ သန်လျင်မြို့နယ် မင်းကျောင်းပထမပြန်စာသင်တိုက် ဦးစီးပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ သ.စ.အ ဓမ္မာစရိယ၊ ပထမကျော် ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာဘိဝံက ကြွရောက်ဟောကြားတော်မူခဲ့ပါသည်။
ဦးစွာ တရားပရိသတ်အပေါင်းတို့က သြကာသကန်တော့ချိုးဖြင့်ရွတ်ဆိုကာ တရားပွဲကို ဖွင့်လှစ်ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီးထံမှ ကိုးပါးသီလခံယူဆောက်တည်ကြသည်။ ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီးက "သီလတန်ဆာ ဆင်မြန်းပါ" တရားဒေသနာတော်မြတ်ကို ဟောကြားတော်မူသည်။ ထို့နောက် ဥပုသ်သီလစောင့်ထိန်းသည့် (၇) ရက်သားသမီးများက ဝါဆိုသင်္ကန်းနှင့် ဝတ္ထုငွေ သိန်း(၃၀)ကျော်ကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက်လှူဒါန်းမှု အစုစုတို့အတွက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်ဘုရားက ရေစက်သွန်းချအမျှပေးဝေ ကောင်းမှုကုသိုလ်ယူခဲ့ကြပြီး ဆရာတော်ကြီးမှ အသောကာရာမကျောင်းတိုက်ဝေယျာဝစ္စအတွက် ငွေကျပ် (၁၀) သိန်း ပြန်လည်လှူဒါန်းခဲ့သည်။ တရားပွဲသို့ ယမုံနာ(၁) ရပ်ကွက်နှင့် သင်္ဘောကျင်းရပ်ကွက်တို့မှ တရားနာပရိသတ်များ တရားတော်နာကြွရောက်ခဲ့ကြပြီး အလှူရှင်များက ဥပုသ်သည်များအား နေ့ဆွမ်းများဖြင့် ဧည့်ခံခဲ့ကြကြောင်း သိရသည်။
ချစ်စုဝေ(ပြန်/ဆက်)