မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး) ၂၀၂၄-၂၀၂၅ ပညာသင်နှစ် (၁၉)ကြိမ်မြောက် ပန်းချီ၊ ပန်းပု လက်ရာမွန်ပြပွဲနှင့် ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့် ပြဇာတ် စင်တင်တင်ဆက်ပွဲအခမ်းအနားသို့ တက်ရောက်

ချမ်းအေးသာစံ စက်တင်ဘာ ၇

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)၂၀၂၄-၂၀၂၅ ပညာသင်နှစ် (၁၉)ကြိမ်မြောက် ပန်းချီ၊ ပန်းပု လက်ရာမွန်ပြပွဲနှင့် ဂီတ၊ သဘင်၊ ရုပ်ရှင် နှင့် ပြဇာတ် စင်တင် တင်ဆက်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါတက္ကသိုလ်တွင် ကျင်းပသည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး)မှ ပါမောက္ခချုပ် ဦးအောင်ဆန်းဦး၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ မန္တလေးမြို့ရှိ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊  ဖိတ်ကြားထားသူများ တက်ရောက်အားပေးခဲ့ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်နှင့်အဖွဲ့၊ တက်ရောက်လာကြသူများသည် ပန်းချီပညာဌာနမှ ပညာဆည်းပူးခဲ့ကြသည့် စတုတ္ထနှစ် ကျောင်းသား ကျောင်းသူများ၊ ဘွဲ့လွန်အနုပညာဒီပလိုမာတန်းမှ ကျောင်းသူများက ဆီဆေး၊ ရေဆေး၊ Acrylic တို့ဖြင့် ရေးဆွဲထားသည့် လက်ရာမွန်ပန်းချီကားများ၊ ပန်းပုပညာဌာနတွင် ပညာဆည်းပူးခဲ့သည့် စတုတ္ထနှစ်ကျောင်းသားက ဖိုက်ဘာဖြင့် ပုံဖော်ထုဆစ်ထားသည့် ပန်းပုလက်ရာမွန်တို့ကို ကြည့်ရှုအားပေးကြသည်။

၎င်းနောက် အခမ်းအနားကို ရတနာခန်းမတွင် ဆက်လက်ကျင်းပပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုအဖွင့်အမှာစကားပြောကြားရာတွင် ကိုယ်ကျင့်တရားကောင်းမွန်ပြီး ထူးချွန်သောမျိုးဆက်သစ်အနုပညာရှင်များပေါ်ထွက်လာစေရန်၊ အတတ်ပညာနှင့် အသိပညာ နှစ်ရပ်ပေါင်းစပ်ကာ အသက်မွေးဝမ်းကြောင်းအနုပညာရပ်များကို လေ့ကျင့်ပျိုးထောင်ပေးနေသည့် တက္ကသိုလ်ဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် တတ်မြောက်ထားသည့် အနုပညာစွမ်းရည်များကို ထိန်းသိမ်းစောင့်ရှောက်ပြီး တတ်ကျွမ်းသောအနုသုခုမပညာရပ်များဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အနုပညာဖြင့် အကျိုးပြုနိုင်သည့် ထူးချွန်ထက်မြက်သော ပညာတတ်အနုပညာရှင်ကောင်းများဖြစ်အောင် ကြိုးစားသွားကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့် ပြဇာတ်ပညာရပ်များကို သင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများ၏ စင်တင်တင်ဆက်မှုများကို ကြည့်ရှုအားပေးပြီးနောက် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်