ခေါင်လန်ဖူးမြို့နယ်၌ မဲပေးစက်ကိုင်တွယ်အသုံးပြုနည်းသင်တန်းဖွင့်ပွဲနှင့် မဲပေးစက်လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများဆောင်ရွက်

ခေါင်လန်ဖူး စက်တင်ဘာ ၇

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် လာမည့်ဒီဇင်ဘာလတွင်ကျင်းပမည့် ပြည်လုံးကျွတ်ရွေးကောက်ပွဲကြီး ချောမွေ့လွယ်ကူအောင်မြင်စွာပြီးမြောက်နိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှကြီးမှူးကျင်းပသော မဲပေးစက်ကိုင်တွယ်အသုံးပြုနည်းသင်တန်းဖွင့်ပွဲနှင့် မဲပေးစက်လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းအခမ်းအနားကို စက်တင်ဘာ(၂)ရက် နံနက်(၉)နာရီက ခေါင်လန်ဖူးမြို့နယ်ခန်းမဆောင်၌ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးနိုင်လင်းဦးက သင်တန်းဖွင့်အမှာစကားပြောကြားပြီ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခေါင်ဆင်က ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းတန်က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောက်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေအားရှင်းလင်းပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် မြို့နယ်ပညာ ရေးမှူးဦးညိုလင်းက မဲရုံတွင်တာဝန်ထမ်းဆောင်မည့်ဝန်ထမ်းများအား သိသင့်သိထိုက်သည်များ ရှင်းလင်းပြောကြားကာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးနန်ဇေ့ဖုန်ဂါရမ်က မဲပေးစက်ကိုင်တွယ်အသုံးပြုနည်း သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်များ၊ မဲပေးစက်နှင့်ရွေးကောက်ပွဲဆိုင်ရာသိကောင်းစရာများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် အခမ်းအနားသို့တက်ရောက်လာသည့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီကိုယ်စားလှယ်များ၊ ရဝမ်၊ လီဆူယဉ်ကျေးမှုအဖွဲ့များ၊ ရပ်မိရပ်ဖများနှင့် သင်တန်းသား၊ သင်တန်းသူများက မဲပေးစက်ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများကို တစ်ဦးချင်းဆောင်ရွက်ကြသည်။

အဆိုပါသင်တန်းသို့ ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မဲရုံတာဝန်ထမ်းဆောင်ကြမည့် ဆရာ၊ ဆရာမ သင်တန်းသား၊ သင်တန်းသူစုစု ပေါင်း(၂၃၀)ဦးအား စက်တင်ဘာ(၂)ရက်နေ့မှ (၅)ရက်နေ့အထိ သင်တန်းနည်းပြများက မဲပေးစက်ကိုင်တွယ်အသုံးပြုနည်းများကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)