မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် မြန်မာ့အနာဂတ်မျက်နှာစာလူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ အတွေ့အကြုံ စကားဝိုင်းဆွေးနွေးပွဲအခမ်းအနားသို့ တက်ရောက်

ချမ်းအေးသာစံ စက်တင်ဘာ ၇

မန္တလေးတိုင်းဒေသကြီး လူငယ်ကိုယ်စားလှယ်အဖွဲ့မှ ရတနာပုံတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများနှင့် မြန်မာ့အနာဂတ်မျက်နှာစာလူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ အတွေ့အကြုံ စကားဝိုင်းဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရတနာပုံတက္ကသိုလ် အားကစားခန်းမတွင် ကျင်းပသည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ဌာနဆိုင်ရာများ၊ မြန်မာ့အနာဂတ်မျက်နှာစာလူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ သို့ တက်ရောက်ခဲ့ကြသည့် တိုင်းဒေသကြီးလူငယ်ကိုယ်စားလှယ်များ၊ ရတနာပုံတက္ကသိုလ်မှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ရန်ကုန်မြို့တွင်ကျင်းပခဲ့သော မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ ကို တက်ရောက်ခဲ့ကြသည့် တိုင်းဒေသကြီးကိုယ်စားလှယ်အဖွဲ့ လူငယ်များက ဖိုရမ်၏ ရည်ရွယ်ချက်များနှင့် ဆွေးနွေးပွဲအတွေ့အကြုံများကို ယခုလို ပြန်လည်မျှဝေခြင်းဖြင့် လူငယ်ကွန်ရက်တစ်ခုကို ဖန်တီးပေးနိုင်ရာတွင် များစွာအထောက်အကူပြုမည်ဟု ယုံကြည်ပါကြောင်း၊ လူငယ်လူရွယ်များအားလုံးပါဝင်သော လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းများကို လူငယ်ရေးရာမူဝါဒများချမှတ်၍ အစီအမံများဖြင့် ပိုမိုထိရောက်စွာဆောင်ရွက်ပေးနေပါကြောင်း၊ ဗလငါးတန်ပြည့်ဝသည့် လူငယ်များဖြစ်လာစေရေး၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ စိတ်ဓာတ်အတွေးအခေါ် မှန်ကန်မြင့်မားစေရေး စသည့် အခြေခံကောင်းများ ဖွံ့ဖြိုးတိုးတက်နေစေရန် ကဏ္ဍပေါင်းစုံမှ ပြုစုပျိုးထောင်ပေးနေပါကြောင်းနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကိုစွမ်းဆောင်ပေးနိုင်သည့် စွမ်းရည်ထက်မြက်သူများဖြစ်အောင် ဘက်ပေါင်းစုံမှ အစဉ်တစိုက်ကြိုးစားနေကြရမည်ဖြစ်ပါကြောင်းပြောကြားပြီးနောက် ရတနာပုံတက္ကသိုလ်စာကြည့်တိုက်အတွက် သုတ၊ ရသစာအုပ်များကို ရတနာပုံတက္ကသိုလ်ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းခဲ့သည်။

၎င်းနောက် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယဝန်ကြီးက နိုင်ငံတော်ကလူစွမ်းအားအရင်းအမြစ်များဖြစ်သည့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍပေါင်းစုံမှ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ပြောကြားပြီးနောက် ရတနာပုံတက္ကသိုလ်အတွက် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍  တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်က စကားဝိုင်းဆွေးနွေးပွဲတွင် ဆွေးနွေးမည့် မြန်မာ့အနာဂတ်မျက်နှာစာလူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ သို့ တက်ရောက်ခဲ့သည့် တိုင်းဒေသကြီး လူငယ်ကိုယ်စားလှယ်များကို အမှတ်တရလက်ဆောင်ပေးအပ်ပြီးနောက် စကားဝိုင်းဆွေးနွေးပွဲကို ကြည့်ရှုအားပေးခဲ့ကြောင်းနှင့် အခမ်းအနားဒုတိယပိုင်းကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပခဲ့သည်။

၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အနုပညာဦးစီးဌာန၊ လေ့ကျင့်ရေးနှင့်သုတေသနဌာနခွဲ၊ အနုပညာအထက်တန်းကျောင်း(မန္တလေး)သို့ရောက်ရှိပြီး (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်များအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်