မှော်ဘီ စက်တင်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၊ အမှတ်(၂)ရပ်ကွက်ရှိ သမိုင်းဝင်ရွှေမော်တင်စေတီတော်မြတ်ကြီး၏ (၇၇)ကြိမ်မြောက် ဆီဆွမ်းလောင်းလှူပွဲကို တော်သလင်းလပြည့် ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်၌ ကျင်းပခဲ့သည်။
(၇၇)ကြိမ်မြောက် ဆီဆွမ်းလောင်းပွဲသို့ မှော်ဘီမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၁၉၀)ကျောင်းမှ သံဃာအပါး (၄၅၈) ပါးကျော်၊ သီလရှင်အပါး(၄၀၀) ပါးကျော်တို့အား မှော်ဘီခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးနိုင်နှင့် အဖွဲ့ဝင် များ၊ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မှော်ဘီမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်မှုကော်မတီဥက္ကဋ္ဌ ဦးပြည့်ဖြိုးမောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့မိသားစုများ၊ ကုမ္ပဏီမိသားစုများ၊ စက်ရုံအလုပ်ရုံမိသားစုများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နှင့်ကျေးရွာများမှ အလှူရှင်များ၊ ရပ်နီးရပ်ဝေးမိသားစုများက အစဉ်အလာမပြတ် ကုသိုလ်ပြု ဆီဆွမ်းလှူဒါန်းခဲ့ကြောင်း သိရသည်။
ဆီဆွမ်းလောင်းလှူပွဲကြီးအတွက် မှော်ဘီမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏လမ်းညွှန်မှုဖြင့် ဆီကုန်သည်ကြီးများက အလှူရှင်များအား ဆီပေပါ အလုံး ၄၀.၅ လုံးကို ဆီဆိုင်၂၂ ဆိုင်ဖွင့်လှစ်၍ ရောင်းချပေးခဲ့ပြီး ဘန့်ဘွေးကုန်းကျေးရွာအုပ်စု၊ ဘုရားလမ်းကျေးရွာတွင် တည်ထားကိုးကွယ်လျက်ရှိသော သမိုင်းဝင်ကျိုက်ဒေးသလွန်စေတီတော်မြတ်ကြီးတွင်လည်း ဘုန်းတော်ကြီးကျောင်း (၈၇)ကျောင်းမှ သံဃာအပါး(၃၀၆)ပါးကျော်၊ သီလရှင်အပါး(၃၀၀)ပါးကျော်တို့အား ဆီကုန်သည်ကြီးများက အလှူရှင်များအား ဆီပေပါ အလုံး ၁၃.၅ လုံးကို ဆီဆိုင် ၇ ဆိုင်ဖွင့်လှစ်၍ ရောင်းချခဲ့ပြီး အလှူရှင်များက ဆီဆွမ်းလောင်းလှူခဲ့ကြကြောင်း သိရသည်။
ဝင်းဇော်(ပြန်/ဆက်)