ရန်ကုန် စက်တင်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် ယမန်နေ့ နံနက်ပိုင်းက ရွှေတိဂုံစေတီတော်မြတ်ကြီး၌ တော်သလင်းလပြည့်(ဂရုဓမ္မအခါတော်နေ့) အခမ်းအနားနှင့် အရှင်ကိန္ဒရာမကျောင်းတိုက်(ဓမ္မဒူတ)ကျောင်းရှိ ဗုဒ္ဓတက္ကသိုလ်ကျောင်းတိုက်တွင် သုဓမ္မာ၊ ရွှေကျင်၊ မူလဒွါရ၊ ဝေဠုဝန် ဂိုဏ်းလေးဂိုဏ်းရှိ သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင် ဆရာကြီး၊ ဆရာလေးများအား ဧကာဒသမအကြိမ် သောတာပန် ဆီအလှူတော်အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့က ရွှေတိဂုံစေတီတော်တောင်ဘက် ဧည့်ခံတန်ဆောင်းတွင် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီးများ ဆက်ကပ်လှူဒါန်းကြပြီး စေတီတော်ရင်ပြင် အထက်ပစ္စယံရှိ ပတ္တမြားမျက်ရှင်ဘုရားအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီးများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဇနီး ဒေါ်မော်မော်သန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများက မှော်ဘီမြို့နယ်၊ အောက်ဝါးနက်ချောင်းကျေးရွာအုပ်စု၊ အရှင်ကိန္ဒရာမကျောင်းတိုက်(ဓမ္မဒူတ)ကျောင်းရှိ ဗုဒ္ဓတက္ကသိုလ်ကျောင်းတိုက်တွင် သုဓမ္မာ၊ ရွှေကျင်၊ မူလဒွါရ၊ ဝေဠုဝန် ဂိုဏ်းလေးဂိုဏ်းရှိ သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင် ဆရာကြီး၊ ဆရာလေးများအား ဧကာဒသမအကြိမ် သောတာပန် ဆီအလှူတော်အခမ်းအနားသို့ တက်ရောက်ကြသည်။
ထို အခမ်းအနားအား “နုမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ သာသနာ့ဝန်ဆောင်ကျောင်းတိုက်၊ ပဓာနနာယက အဂ္ဂမဟာ ဂန္ထဝါစက ပဏ္ဍိတ တိုင်းသံဃနာယကအဖွဲ့(ရွှေကျင်) အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တစန္ဒသိရီထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ဆိုအပ်သော မေတ္တာသုတ်ပရိတ်တရားတော်ကို နာယူကြည်ညိုကြကာ ဆရာတော်များအား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဇနီး ဒေါ်မော်မော်သန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် ဓမ္မဒူတ ဇေတဝန်တောရ၊ ဆေကိန္ဒာရာမကျောင်းတိုက် ပဓာန နာယကဆရာတော်ထံမှ အနုမောဒနာတရား နာကြား၍ ရေစက်သွန်းချ အမျှပေးဝေပြီး “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ် ရွတ်ဆိုဆုတောင်းကြသည်။
ထို့သို့ ၁၃၈၇- ခုနှစ် ဝါဆိုဝါကပ်တော်မူကြကုန်သော အရှင်ကိန္ဒရာမကျောင်းတိုက် (ဓမ္မဒူတ)ကျောင်းရှိ ဗုဒ္ဓတက္ကသိုလ်ကျောင်းတိုက်တွင် သုဓမ္မာ၊ ရွှေကျင်၊ မူလဒွါရ၊ ဝေဠုဝန် ဂိုဏ်းလေးဂိုဏ်းရှိ သံဃာတော် (၈၄၁၂)ပါးနှင့် သီလရှင် (၁၃၇၇)ပါး စုစုပေါင်း (၉၇၈၉)ပါးတို့အား တစ်ပါးလျှင် ဆီ(၁) ပိဿာနှုန်းဖြင့် စုစုပေါင်း ဆီပိဿာ (၉၇၈၉)ပိဿာအား လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)