နေပြည်တော် စက်တင်ဘာ ၇
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းသည် တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာလ ၅ ရက်နေ့ ညနေပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်ရှိ မင်္ဂလာကန် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ကန်ဘောင်များ၊ လျှောက်လမ်းများနှင့် လမ်းဘေးပလပ်ဖောင်းများ ပြုပြင်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းများအပိုင်းလိုက် အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ မင်္ဂလာကန်အတွင်းအမှိုက်များ၊ ဒိုက်များမရှိစေရေး ရှင်းလင်းဆောင်ရွက်ရန်နှင့် သန့်ရှင်းသာယာလှပရေးဆောင်ရွက်ရန် မှာကြားခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် စက်တင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်ယာသာရေးကော်မတီမှ တာဝန်ရှိသူများနှင့်အတူ ပျဉ်းမနားမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်ပြီး နယ်မြေခံတပ်မတော်သားများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများမှ ကျောင်းပတ်ဝန်ကျင် သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား ကျောင်းဝန်းအတွင်းရှိ ရေဝပ်သောနေရာများတွင် ရေစီးရေလာကောင်းမွန်စေရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေး အမြဲဆောင်ရွက်သွားရန်မှာကြားခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဧလာမြို့တွင်း သန့်ရှင်းသာယာလှပရေးနှင့် အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူများစုပေါင်း၍ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)