ရွှေတိဂုံစေတီတော်မြတ်ကြီး၌ တော်သလင်းလပြည့်(ဂရုဓမ္မအခါ‌တော်နေ့)အခမ်းအနား ကျင်းပ

ရန်ကုန် စက်တင်ဘာ ၆

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် မြတ်ဗုဒ္ဓ၏ မမေ့အပ်ရာနေ့ထူးနေ့မြတ်များတွင် တစ်ခုအပါအဝင်ဖြစ်သည့် တော်သလင်းလပြည့်(ဂရုဓမ္မအခါ‌တော်နေ့)အခမ်းအနားများကို ယမန်နေ့ နံနက် ၅ နာရီခွဲမှစတင်၍ စေတီတော်ရင်ပြင်ရှိ သတ်မှတ်နေရာများ၌ ကျင်းပခဲ့သည်။

ဦးစွာ ဆွမ်းတော်ကြီးကပ်လှူပွဲအခမ်းအနားကို စေတီရင်ပြင်တော်တောင်ဘက် ဧည့်ခံတန်ဆောင်း၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းများနှင့် ဝန်ထမ်းများက ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဆွမ်း၊ သစ်သီး၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံ့သာများဖြင့် ဆွမ်းတော်ကြီး ကပ်လှူပူဇော်ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရွှေတိဂုံစေတီတော်မြတ်ကြီး လှည့်လည်ဖူးမြော်ပြီး အထက်ပစ္စယံရှိ ပတ္တမြားမျက်ရှင်ရုပ်ပွားတော်အား ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံ့သာများဖြင့် ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ဂရုဓမ္မအခါတော်နေ့အခမ်းအနားကို ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ကျင်းပရာ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝယျာဝစ္စအသင်းများ၊ ဝန်ထမ်းများက ဘုရားဂုဏ်‌တော်၊ တရားဂုဏ်တော်၊ သံဃာ့ဂုဏ်တော်များရွတ်ဖတ်ပူဇော်ခြင်း၊ ဂရုဓမ္မငါးပါးသီလအကျိုးအပြစ်လင်္ကာများ ရွတ်ဆိုပူဇော်ခြင်း၊ ဂရုဓမ္မအခါတော်နေ့ဆိုင်ရာ သိမှတ်ဖွယ်ရာများကို အမေးအ‌ဖြေပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ကြသည်။

ယင်းနောက် နံနက်(၉)နာရီခွဲတွင် ဝါတွင်းသီလခံယူပွဲ၊ နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲနှင့် ရေစက်ချအနုမောဒနာအခမ်းအနားကို ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ ကျင်းပခဲ့သည်။

ထို့နောက် ရွှေတိဂုံ‌စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ တိပိဋကသြဝါဒါစရိယ၊ တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ပါဠိပါရဂူ ဘဒ္ဒန္တဝါယာမိန္ဒာဘိဝံသထံမှ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့များ၊ ဝန်ထမ်းများနှင့် ဘုရားဖူးပြည်သူများက နဝင်္ဂသီလခံယူဆောက်တည်ကြသည်။

ယင်းနောက် သြ၀ါဒါစရိယဆရာတော်ကြီးနှင့် ပင့်သံဃာတော်များအား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းများ၊ ဝန်ထမ်းများနှင့် အလှူရှင်ဘုရားဖူးလာပြည်သူများက သင်္ဃန်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက်ရွှေတိဂုံ‌စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ တိပိဋကသြဝါဒါစရိယ၊ တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ပါဠိပါရဂူဘဒ္ဒန္တဝါယာမိန္ဒာဘိဝံသ ထံမှအနုမောဒနာတရားနာကြား၍ ရေစက်သွန်းချအမျှပေးဝေကြသည်။

ယင်းနောက် သြဝါဒါစရိယဆရာတော်ကြီးနှင့် ပင့်သံဃာများအား ရောင်တောင်ဖွင့်တန်‌ဆောင်း၌ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များက နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)