မချမ်းဘော စက်တင်ဘာ ၇
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊မချမ်းဘောမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားနှင့် မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးကို စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားကို အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများက “ပညာရည်ဂုဏ်မှန်းရည် ရှေ့သို့ချီ”သီချင်းဖြင့်ဖွင့်လှစ်ကာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်ပညာရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကိုဝင်းက အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ ဒုတိယမြို့နယ်ပညာရေးမှူး ဦးနောင်ထုန်းခေါ့ထိန်က ပညာရေးဌာနလုပ်ဆောင်ချက်များ၊ ပံပိုးဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြပြီးနောက် မိဘဆရာအသင်းကော်မတီဥက္ကဋ္ဌ ဦးတူးဂျာက မိဘဆရာအသင်းကော်မတီနှင့်ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ၏ ဆောင်ရွက်ချက်နှင့် ရန်ပုံငွေသုံးစွဲမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသားကျောင်းသူများနှင့် Grade-12 အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများ၊ Grade-12 ကို ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများ၊ သင်ကြားရေး ဆရာ၊ ဆရာမများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက ဆုလက်ဆောင်များချီးမြှင့်ပေးခဲ့ပြီးနောက် အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများက အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
အခမ်းအနားသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းသားမိဘကော်မတီအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၂၀၀ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ယောရွှေနီ(မချမ်းဘော)