သီရိလင်္ကာနိုင်ငံ ကန္ဒီမြို့ ဗုဒ္ဓစွယ်တော်တိုက်သို့ လှူဒါန်းမည့် အောင်မြန်မာချိုမင်္ဂလာဆင်ရတနာလွှဲအပ်ပွဲ ပြုလုပ်

မန္တလေး စက်တင်ဘာလ ၆

သီရိလင်္ကာနိုင်ငံ ကန္ဒီမြို့ဗုဒ္ဓစွယ်တော်တိုက်တွင် လိုအပ်လျက်ရှိသော ဗုဒ္ဓမြတ်စွယ်တော်လှည့်လည်ပူဇော်ပွဲအခမ်းအနားတွင် ဗုဒ္ဓစွယ်တော်မြတ်အား ပင့်ဆောင်ရာတွင် အသုံးပြုမည့်  "အောင်မြန်မာချို" မင်္ဂလာဆင်ရတနာအား မဟာဓမ္မိကာရာမ ရွှေကျင်တိုက်မကြီးဆရာတော်ထံလွှဲအပ်ပွဲအခမ်းအနားကို  ယနေ့နံနက် ၈ နာရီက မန္တလေး၊အောင်မြေသာစံမြို့နယ် အိုးဘိုရွှေကျင်ရပ်ကွက်၊ အကွက် (၅၁) ရှိ မဟာဓမ္မိကာရာမ၊ရွှေကျင်တိုက်မကြီးရှိ ကျွန်းကျောင်းတော်ကြီး၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ နိုင်ငံတော်သံဃနာယကအဖွဲ့၊ မဟာဝိသုန္ဓာရုံတိုက်၊ ရတနာပုံရွှေနှင်းဆီကျောင်းဆရာတော် ဘဒ္ဒန္တဝေဠုရိယ၊ မန္တလေးတိုင်းဒေသကြီးသဃနာယကအဖွဲ့ဥက္ကဋ္ဌ (ရွှေကျင်)၊ မဟာဓမ္မိကာရာမရွှေကျင်တိုက်မကြီးဆရာတော် ဘဒ္ဒန္တထုတိဝရ (အဂ္ဂမဟာပဏ္ဍိတ)၊ မြို့နယ် သံဃနာယကဥက္ကဋ္ဌ (ရွှေကျင်) ဖလ်ချက်ဝန်ကျောင်းဆရာတော်ဘဒ္ဒန္တဇောတိက အမှူးပြုသော ပင့်သံဃာတော်များကြွရောက်တော်မူကြပြီး အောင်မြေသာစံခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေ၊ မန္တလေးတိုင်းဒေသကြီးသာသနာရေးမှူး ညွှန်ကြားရေးမှူး ဦးဖြိုးဇော်ဇော်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော်နှင့်တာဝန်ရှိသူများ၊ "အောင်မြန်မာချို" မင်္ဂလာဆင်ရတနာ အလှူရှင် ချမ်းမြသာစည်မြို့နယ် ဃ-(၃)ရပ်ကွက်နေ ဒေါ်အမာချို(TC)ဝေယံသိန်းချိုမိသားစုနှင့်ဖိတ်ကြားထားသူများ စုစုပေါင်း ၇၀ ခန့်တက်ရောက်ကြသည်။

အခမ်းအနားတွင် ဆရာတော်ဘဒ္ဒန္တဇောတိကထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ ဆရာတော်သံဃာတော်အရှင်သူမြတ်များ ရွတ်ဖတ်သရဇ္ဈယ်ချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။ ထို့‌နောက် အလှူရှင်မိသားစုက သံဃာတော်များအား လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းကြပြီး ဗုဒ္ဓစွယ်တော်မြတ်အား ပင့်ဆောင်ရန်အသုံးပြုမည့် "အောင်မြန်မာချို" မင်္ဂလာဆင်ရတနာအား မဟာဓမ္မိကာရာမ ရွှေကျင်တိုက်မကြီးဆရာတော်ထံ ဆက်ကပ်လှူဒါန်းရာ ဆရာတော်ကိုယ်စား ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေက လက်ခံရယူသည်။ဆက်လက်၍ ဆရာတော်ဘဒ္ဒန္တဝေဠုရိယထံမှ ရေစက်ချအနုမောဒနာတရားနာယူကြည်ညို၍ “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု”သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းလိုက်ကြောင်း သိရသည်။

အဆိုပါ မင်္ဂလာဆင်ရတနာသည် ငါးနှစ်သားအရွယ်ဖြစ်ပြီး  တန်ဖိုးငွေကျပ်သိန်း ၁၂၀၀ ဖြင့် ဝယ်ယူလှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)