ပုဇွန်တောင် စက်တင်ဘာ ၆
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ကြီးကြပ်မှုဖြင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ပါတီစုံအထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးကြမည့် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လွယ်ကူစွာဆန္ဒမဲပေးတတ်စေရန် ရည်ရွယ်၍ မြန်မာအီလက်ထရောနစ်မဲပေးစက်အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးမှု သရုပ်ပြသခြင်းကို စက်တင်ဘာ ၆ ရက်နေ့ နံနက် ၁၀ နာရီက အမှတ် (၅) ရပ်ကွက်ရှိ အမှတ် (၃) အခြေခံပညာ အလယ်တန်းကျောင်း မြတ်မင်္ဂလာခန်းမတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးအောင်က အဖွင့် အမှာစကားပြောကြားရာတွင် မဲရလဒ်ရေတွက်ပုံ၊ နည်းဥပဒေပါအတိုင်း မဲရလဒ်စာရင်းပြုစုပုံ နှင့်မဲရုံခင်းကျင်းမှုပုံစံများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး နည်းပြ ဦးအောင်နိုင်ဦးက မြန်မာအီလက်ထရောနစ်မဲပေးစက် ဖွဲ့စည်းတည်ဆောက်ပုံ၊ စက်တပ်ဆင်ပုံ၊ စမ်းသပ်မဲပေးပုံ၊ ဖြန့်ခွဲပုံ၊ ရွေးကောက်ပွဲနေ့တွင် မဲရုံ၌မဲပေးစက်တပ်ဆင်ခင်းကျင်းပုံနှင့် မဲပေးစက်အား ပြန်လည်ထုပ်ပိုးသိမ်းဆည်းပုံများကို ရှင်းလင်းဆွေးနွေးခဲ့သည်၊၊
ထို့နောက် အမှတ် (၅) ရပ်ကွက်နေပြည်သူ (၄၅၀) ဦးအား လက်တွေ့စမ်းသပ်မဲပေးခြင်း သရုပ်ပြသစေခဲ့သည်။
အဆိုပါ လက်တွေ့စမ်းသပ်မဲပေးမှုသရုပ်ပြသခြင်းအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမှတ် (၅) ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အမှတ် (၅) ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဟန်စုယဉ်