ပုပ္ပါးတောင်ကလပ်၌ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ဘိုးတော်ထွက်ပွဲ  ယုံကြည်ကိုးကွယ်သူများဖြင့် စည်ကား

ကျောက်ပန်းတောင်း စက်တင်ဘာ  ၉

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်တောင်းမြို့နယ်ရှိ ပုပ္ပားတောင်ကလပ်တွင် ဒေသတွင်းအထင်ကရပွဲတစ်ခု ဖြစ်သည့် ဘိုးတော်အောင်မင်းခေါင်ထွက်ပွဲ(ခေါ်) ဘိုးတော်ထွက်ပွဲကို နှစ်စဉ်စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရာ ယခုနှစ်တွင် တောင်ကလပ်တောင်ပေါ်၌ အတီးအမှုတ်၊ အကအခုန်များ ထည့်သွင်းကျင်းပနိုင်ခြင်းမရှိသော်လည်း နှစ်စဉ်အဓိဋ္ဌာန်ဝင် လာရောက်လေ့ရှိကြသည့် ယုံကြည်ကိုးကွယ်သူများ၊ ဘုရားဖူး ပြည်သူများဖြင့် စည်ကားလျှက်ရှိကြောင်း သိရသည်။

ပုပ္ပားတောင်ကလပ်၌ နှစ်စဉ်ကျင်းပသည့် ဘိုးတော်ထွက်ပွဲကို ယခုနှစ်တွင် (၇၃)ကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး မြေလတ်ပိုင်း အညာဒေသ၏ အထင်ကရပွဲတစ်ခုဖြစ်သည်။ အဆိုပါပွဲတွင် အနယ်နယ်အရပ်ရပ်မှ ယုံကြည် ကိုးကွယ်ကြသူများက နှစ်စဉ်လာရောက်၍ အဓိဌာန်ပြု ပွဲတင်ကြခြင်း၊ ပုတီးစိပ်ခြင်း၊ စတုဒိသာအလှူအတန်း ပြုလုပ်ခြင်း၊ ရွှေမိုး/ ငွေမိုးရွာသွန်းခြင်း အစရှိသည့် ကောင်းမှုကုသိုလ်များကို တော်သလင်းလပြည့်နေ့မှ တော်သလင်းလပြည့်ကျော် (၂)ရက်နေ့ အထိအဓိဋ္ဌာန်ပြု ဆောင်ရွက်ကြကြောင်း သိရသည်။ အဆိုပါ ဘိုးတော်ထွက်ပွဲကာလတွင် တောင်ကလပ် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှကြီးမှူး၍ ပင့်သံဃာအရှင်သူမြတ်များအား ဆွမ်းဆန်စိမ်း လောင်းလှူခြင်း၊ ရေစက်ချတရားနာယူ၍ အမျှအတမ်းပေးဝေခြင်းများဆောင်ရွက်ကြပြီး၊ တောင်ကလပ်တောင်ပေါ်တွင် ပွဲတော်ရက်များဖြစ်သည့် တော်သလင်း လဆန်း (၁၃)ရက်မှစ၍ အဓိဌာန်ဝင်သူများ၊ ပွဲတင်သူများ ရောက်ရှိလာကြရ စက်တင်ဘာ ၆ ရက်အထိ အဓိဋ္ဌာန်ဝင်သူ၊ အလှူအတမ်း ပြုလုပ်သူ၊ ဘုရားဖူးပြည်သူများ လူဦးရေ ၄၅၀၀ခန့်ဝင်ရောက်ခဲ့ကြောင်းနှင့် တောင်ကလပ်တောင်ပေါ် စောင်းတန်းများတွင် တိုးမပေါက်အောင် စည်ကားလျက်ရှိကြောင်း ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ တာဝန်ရှိသူထံမှ သိရသည်။

နေအောင်(ပြန်/ဆက်)