ချမ်းအေးသာစံ စက်တင်ဘာ ၆
ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားစေရန်အတွက်ရည်ရွယ်ကာ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြို့နယ်အဆင့်စာစီစာကုံးပြိုင်ပွဲကို ချမ်းအေးသာစံမြို့နယ် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၅) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ချမ်းအေးသာစံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၏ အသိပညာမြင့်မားစေရန်အတွက် မြို့နယ်အဆင့်စာစီစာကုံးပြိုင်ပွဲကို မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ဝါဝါကျော်မှ ဦးဆောင်ကာ ကျင်းပဆောင်ရွက်ခဲ့သည်။
စာစီစာကုံးပြိုင်ပွဲကျင်းပခဲ့ရာ အထက်တန်းအဆင့်အနေဖြင့် “ဆရာ့ဂုဏ်ရည်” ခေါင်းစဥ်ဖြင့် ကျောင်းသား၊ ကျောင်းသူ(၂၄)ဦး၊ အလယ်တန်းအဆင့်အတွက် “မြတ်ဆရာ” ခေါင်းစဥ်ဖြင့် ကျောင်းသား၊ ကျောင်းသူ (၂၂) ဦး စုစုပေါင်း ကျောင်းသား(၄၆)ဦး ဖြေဆိုခဲ့ကြသည်။
အဆိုပါပြိုင်ပွဲတွင် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် ဆုရရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ဝါဝါကျော်ထံမှ သိရှိရသည်။
ချမ်းမြေ့မောင်(ပြန်/ဆက်)