ချမ်းမြသာစည် စက်တင်ဘာ ၆
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်ကွက်၊ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းရှိ ဇမ္ဗူတမ္ဗခန်းမတွင် မဲပေးစက်အသုံးပြု၍ မဲပေးခြင်းဆိုင်ရာလုပ်ငန်းစဥ်များကို မဲဆန္ဒရှင်ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးလွင်မှ မဲဆန္ဒရှင်ပြည်သူများအား ရွေးကောက်ပွဲဆိုင်ရာ ကျင်းပမည့်လုပ်ငန်းစဉ်များ မြန်မာအီလက်ထရောနစ်မဲပေးစက် လုပ်ငန်းဆောင်ရွက်ပုံအဆင့်ဆင့်တို့ကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့်ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းပြသခဲ့သည်။ ဆက်လက်ပြီး တာဝန်ရှိသူများက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) စက် တပ်ဆင်အသုံးပြုပုံများအား လက်တွေ့ရှင်းလင်းပြသခဲ့ရာ တက်ရောက်လာကြသူများက မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် တစ်ဦးချင်း ကိုယ်တိုင်စမ်းသပ်မဲပေးခြင်းများကို လက်တွေ့ဆောင်ရွက်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများ စုစုပေါင်း (၆၅၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
ချမ်းမြေ့(ချမ်း/စည်)