ပုဇွန်တောင်မြို့နယ် အမှတ်(၃)နှင့် အမှတ်(၄)ရပ်ကွက်များတွင် မဲဆန္ဒရှင်ပြည်သူများအား MEVM မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအစီအစဉ် ဆောင်ရွက်

ပုဇွန်တောင် စက်တင်ဘာ ၆

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် အမှတ်(၃)ရပ်ကွက်ရှိ သဟပုညကာရီဆွမ်းလောင်းရုံ၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်ပြည်သူများအား MEVM မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအစီအစဉ်ကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးအောင်က ယခုအစီအစဉ်အား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်ပြည်သူများ မဲပေးသည့်ကာလတွင် အခက်အခဲမရှိ မဲပေးနိုင်စေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း၊ စက်တင်ဘာလ ၂ ရက် နေ့မှစတင်ဆောင်ရွက်ခဲ့ရာ ယနေ့ထိ (၄)ရပ်ကွက် ဆောင်ရွက်နိုင်ခဲ့ပြီး ကျန်ရှိသည့်ရပ်ကွက်များတွင်လည်း စက်တင်ဘာလ ၁၃ ရက်နေ့ထိ ကွင်းဆင်း၍ အသိပညာပေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်၊၊ ဆက်လက်ပြီး MEVM မဲပေးစက် နည်းပြ ဦးအောင်နိုင်ဦးက MEVM မဲပေးစက်နှင့်မဲပေးပုံအဆင့်ဆင့်အား ရှင်းလင်းပြောကြားပေးခဲ့ပြီး အမှတ် (၃)နှင့်အမှတ်(၄)ရပ်ကွက်နေထိုင်သူ ပြည်သူ(၆၆၀)ဦးမှ MEVM မဲပေးစက်တွင် လက်တွေ့စမ်းသပ်မဲပေးခဲ့ကြသည်။

အဆိုပါအစီအစဉ်သို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးအောင်နှင့် အဖွဲ့ဝင်များ၊ MEVM သင်တန်းနည်းပြ (၆)ဦး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာ၀န်ရှိသူများ၊ မြို့နယ်မိခင်နှင့်ကလေးဥက္ကဋ္ဌ ဒေါ်နှင်းနှင်းအေးနှင့် အဖွဲ့၀င်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၀င်များနှင့် အမှတ်(၃)နှင့် အမှတ်(၄)ရပ်ကွက်တွင် နေထိုင်သည့်ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ဟန်စုယဉ်