သထုံမြို့နယ်၊ ပေါ်တော်မူကျေးရွာစာကြည့်တိုက်၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲများ ပြုလုပ်

သထုံ  စက်တင်ဘာ  ၆

မွန်ပြည်နယ်၊ သထုံမြိုနယ်တွင် လူငယ်များ စာဖတ်ရှိန်မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် စက်တင်ဘာ  ၆ ရက်နေ့နံနက်ပိုင်းက ပေါ်တော်မူကျေးရွာရှိ “လူငယ်အလင်းရောင်” စာကြည့်တိုက်၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပြီး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းလုပ်ငန်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သွားရောက်ဆောင်ရွက်ခဲ့ကြ‌သည်။

နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက ကျောင်းသူ‌၊ ကျောင်းသားများ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးပြုကြရေး၊ ကျောင်းစာကိုကြိုးစားကြသလို ဗဟုသုတတိုးပွားရေးအတွက် ပြင်ပစာပေများကိုပါ လေ့လာဖတ်ရှုကြရေးတို့ကို ဟော‌ပြောဆွေးနွေးသည်။

ယင်းနောက် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များကို စိတ်ကြိုက်ရွေးချယ်ဖတ်ရှုကာ စာဖတ်စွမ်းရည်ယှဉ်ပြိုင်ခြင်း၊ ပုံပြင်ပြော၊ ကဗျာရွတ်ဆို ယှဉ်ပြိုင်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

အဆိုပါ အသိပညာပေးလုပ်ငန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသူ၊ ကျောင်းသားများ ဖတ်ရှုလေ့လာနိုင်ရန် ကလေးကဗျာများ၊ ရုပ်ပြပုံပြင်များ၊ စာစောင်များ စသည့် ကလေးများအသိပညာတိုးပွားရေး စာအုပ်စာပေများနှင့် စာဖတ်ရှိန်မြှင့်တင်ရေး၊ လူကုန်ကူးမှုပပျောက်ရေး စသည့်အသိပညာပေး နံရံကပ်စာစောင်များ၊ ဓာတ်ပုံများတို့ကို ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူများမှစိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)