ကျောက်ဆည် စက်တင်ဘာ ၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ကျေးရွာပေါင်း(၇၆)ရွာ၊ တိုက်နယ်(၁၂)ခု၊ ကွင်းပေါင်း (၂၂၃) ခုတွင် မိုးစပါး (၅၂၈၁၇) ဧက လျာထားစိုက်ပျိုးရာ (၅၂၃၃၄)ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ် မြေစာရင်းဦးစီးဌာနမှ သိရသည်။
မိုးစပါးများစိုက်ပျိုးရာ၌ အစေ့တိုက်ရိုက်ချစိုက်ခြင်း၊ ပျိုးထောင်ပြီး ပြောင်းရွေ့စိုက်ခြင်း စနစ်များဖြင့် ဇော်ဂျီ၊ ကင်းတား၊ သစ်တက္ကုန်း ဆည်ရေများ၊ မြေအောက်ရေ (စက်ရေတွင်း)ရေများ၊ မိုးကောင်းသောက် (မိုးရေ)များဖြင့် ရေ၊ မြေ၊ ဒေသအလိုက် စိုက်ပျိုးလျက်ရှိကြောင်းနှင့် ဇော်ဂျီဆည်ရေဖြင့် (၃၆၀၃၈)ဧက၊ ကင်းတားဆည် ရေဖြင့်(၁၅၅၀၃)ဧက၊ သစ်တက္ကုန်းဆည်ရေဖြင့် (၄၃၆)ဧက၊ စက်ရေတွင်းဖြင့်(၁၁၀)ဧက၊ မိုးရေဖြင့် (၂၄၇) ဧက စုစုပေါင်း (၅၂၃၃၄) ဧက စိုက်ပျိုးပြီးကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် ဧရာမင်း၊ မနောသုခ၊ ရွှေမနော်၊ အောင်နိုင်တိုး၊ GW-11 စပါးမျိုးများ အဓိကထားစိုက်ပျိုးကြပြီး စပါးသီးနှံများအောင်မြင်ပြီး ပန်းတိုင်အထွက်နှုန်းရရှိရေး စိုက်ပျိုးရေးညှိနှိုင်းမှု အဖွဲ့အနေဖြင့် တောင်သူများနှင့်ပူးပေါင်း၍ လိုအပ်သည်များ ကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သက်မောင် ၊ ကျောက်ဆည်