ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဓမ္မရံကြီးဘုရားမြောက်ဘက်မုခ်ရှိ ရုပ်ပွားတော်မြတ်အား လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူ

ညောင်ဦး စက်တင်ဘာ ၆

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ နရသူမင်းကြီး တည်ထားကိုးကွယ်တော်မူခဲ့သော ဓမ္မရံကြီးဘုရားမြောက်ဘက်မုခ်လိုဏ် အတွင်းပူဇော်ခံထားရှိသော ရုပ်ပွားတော်မြတ်အား လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း ရေစက်ချမင်္ဂလာအခမ်းအနားကို စက်တင်ဘာ ၆ ရက် နံနက် ၅ နာရီခွဲက ကျင်းပခဲ့သည်။

လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း ရေစက်ချမင်္ဂလာအခမ်းအနားတွင် နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနား ဖွင့်လှစ်ကာ ညောင်ဦးမြို့နယ် ဿံဃနာယကအဖွဲ့ဥက္ကဋ္ဌ အလိုတော်ပြည့်စာသင်တိုက်၊ ပဓာနနာယကဆရာတော် (ဂန္ထဝါစကပဏ္ဍိတ၊ မဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တပဏ္ဍိတ အရှင်သူမြတ်ထံမှ (၉) ပါး သီလခံယူဆောက်တည်ကြကာ ဆရာတော်အရှင်သူမြတ်များထံက မေတ္တာသုတ်ပရိတ် တရားတော်များနာယူကြည်ညိုကြသည်။

ထို့နောက် လှူဖွယ်ဝတ္ထုပစ္စည်းများအား ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်ဇနီးဒေါ်နီလာဟိန်း၊ ခရိုင်ကော်မတီဝင်များ၊ ညောင်ဦးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်တို့က ဆက်ကပ်လှုူဒါန်းကြသည်။

ဆက်လက်၍ နိုင်ငံတော်ဗဟိုသံယာ့ဝန်ဆောင်၊ လောကနန္ဒာစာသင်တိုက် ပဓာနနာယကဆရာတော် (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ) ဘဒ္ဒန္တမေဃိယအရှင်သူမြတ်ထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုအတွက်ရေစက်သွန်းချ အမျှအတန်းပေးဝေခဲ့ကြောင်း သိရသည်။

ဒီပါလင်း