ပုဇွန်တောင်မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများအား MEVM မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အစီအစဉ်ဆောင်ရွက်

ပုဇွန်တောင် စက်တင်ဘာ ၆

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် အမှတ်(၃)ရပ်ကွက်ရှိ သဟပုညကာရီဆွမ်းလောင်းရုံ၌  မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်ပြည်သူများအား MEVM မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အစီအစဉ်ကို ယမန်နေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးအောင်က ယခုအစီအစဉ်အား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်ပြည်သူများ မဲပေးသည့်ကာလတွင် အခက်အခဲမရှိ မဲပေးနိုင်စေရန်ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း၊ စက်တင်ဘာလ ၂ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ ယနေ့ထိ(၄)ရပ်ကွက် ဆောင်ရွက်နိုင်ခဲ့ပြီး ကျန်ရှိသည့် ရပ်ကွက်များတွင်လည်း စက်တင်ဘာလ ၁၃ ရက်နေ့ထိ ကွင်းဆင်း၍ အသိပညာပေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်၊၊ ဆက်လက်ပြီး MEVM မဲပေးစက် နည်းပြ ဦးအောင်နိုင်ဦးက MEVM မဲပေးစက်နှင့် မဲပေးပုံအဆင့်ဆင့်အား ရှင်းလင်းပြောကြားပေးခဲ့ပြီး အမှတ် (၃)နှင့် အမှတ်(၄)ရပ်ကွက်နေထိုင်သူ ပြည်သူ(၆၆၀)ဦးမှ MEVM မဲပေးစက်တွင် လက်တွေ့စမ်းသပ်မဲပေးခဲ့ကြသည်။

အဆိုပါ အစီအစဉ်သို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ MEVM သင်တန်းနည်းပြ (၆)ဦး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာ၀န်ရှိသူများ၊ မြို့နယ်မိခင်နှင့်ကလေးဥက္ကဋ္ဌ ဒေါ်နှင်းနှင်းအေးနှင့်အဖွဲ့၀င်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၀င်များနှင့် အမှတ်(၃)နှင့် အမှတ်(၄)ရပ်ကွက်တွင် နေထိုင်သည့်ပြည်သူများ တက်ရောက်ခဲ့ကြသည်။

ဟန်စုယဉ်