ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ အသိပညာပေး 

ဒဂုံဆိပ်ကမ်း စက်တင်ဘာ 

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကို အသုံးပြု၍ ဆန္ဒမဲပေးနိုင်စေရေး  ရပ်ကွက်/ ကျေးရွာများမှ ပြည်သူများထံအရောက် မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ယနေ့နံနက်ပိုင်းက  အမှတ်(၈၂၊ ၈၃၊ ၉၀)ရပ်ကွက်တို့၌ တစ်ပြိုင်တည်း ဆောင်ရွက်ခဲ့သည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦး​ဖြိုးသူမောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်ပန်းမို့မို့သူနှင့် အဖွဲ့ဝင်များ၊ တာဝန်ကျ ဌာနဆိုင်ရာများက မဲရုံတစ်ရုံတွင် ဆန္ဒပြုစက်၊ ထိန်းချုပ်စက်၊ မဲပေးချက် ဖော်ပြသည့်စက် အစရှိသည့် မဲပေးစက်အကြောင်းသိကောင်းစရာများ၊ စာရွက်ကိုအသုံးပြု၍ ဆန္ဒမဲပေးခြင်းထက် မဲပေးစက်ကိုအသုံးပြု၍ ဆန္ဒမဲပေးခြင်းဖြင့်ရရှိနိုင်သော အကျိုးကျေးဇူးများကို အသိပညာပေး ဟောပြောသည်။

ထို့နောက် တက်ရောက်လာသည့် ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကို အသုံးပြု၍ လက်တွေ့ဆန္ဒမဲပေးခြင်းများကို ကိုယ်တိုင်ဆောင်ရွက်စေခဲ့ပြီး မဲပေးစက်မှ ရလဒ်ကို ပွင့်လင်းမြင်သာစွာ ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖြိုးစန္ဒာ(ပြန်/ဆက်)