နေပြည်တော် စက်တင်ဘာ ၆
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီဝင်များ၊ တိုင်းအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ တဲကြီးကုန်းကျေးရွာ တောင်သူ ဦးမျိုးနိုင်ဦး၏ ကွင်းအမှတ် (၁၆၅၉) ကွင်း၌ သီနှံများပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူဆွေးနွေးပွဲ၊ ယူရီးယားဓာတ်မြေဩဇာပေးအပ်ခြင်းနှင့် သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲခြင်း ကွင်းသရုပ်ပြပွဲသို့ တက်ရောက်ခဲ့သည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းများနှင့်အညီ စနစ်တကျစိုက်ပျိုးရေး၊ သဘာဝမြေဩဇာကို တောင်သူများကိုယ်တိုင် ပြုလုပ်သုံးစွဲရေး၊ နိုင်ငံတော်မှ သက်သာသော ဈေးနှုန်းဖြင့် ဖြန့်ဖြူးပေးသည့် ဓာတ်မြေဩဇာများအား အမှန်တကယ်လိုအပ်သော တောင်သူများလက်ဝယ်သို့ ရောက်ရှိရေး၊ သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် တစ်နှစ်သုံးသီး ရာသီပြည့် စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးရေရရှိရေးအတွက် နည်းလမ်းမျိုးစုံ အသုံးပြု ဆောင်ရွက်ရေး၊ လယ်ယာမြေများတွင် ပလပ်မြေမရှိအောင် ကွက်ပြည့်စိုက်ပျိုးနိုင်ရေး တို့ကိုမှာကြားသည်။ ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးကဓာတ်မြေဩဇာသွင်းအားစုများအား တောင်သူများထံ ပေးအပ်ကြပြီး တောင်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တောင်သူများနှင့်အတူ မြေပဲရိုးဖြင့် သဘာဝမြေဩဇာ ပြုလုပ်နည်းသရုပ်ပြသဆောင်ရွက်နေမှုနှင့် သဘာဝဓာတ်မြေဩဇာနှင့် ပုလဲဓာတ်မြေဩဇာရောနှောကြဲပက်ခြင်းအား ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ဇေယျာသီရိမြို့နယ်၊ သစ်တက်ကျေးရွာ၊ ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီးဘေး လမ်းဘေးရေမြောင်းများ ရေစီးဆင်းမှုအခြေအနေများနှင့် ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ရေစီး၊ ရေလာကောင်းမွန်စေရေးအတွက် ရေစီးမြောင်းများ စနစ်တကျတူးဖော်ရှင်းလင်းထားရှိရေး၊ Box Culvert များတွင် အမှိုက်များ ပိတ်ဆို့မှုမရှိစေရေး၊ ရေဝပ်သည့်နေရာများတွင် သဲမြေများဖို့ထားရေးနှင့် လမ်းပခုံးသားပေါ်တွင် မြေသားများတင်ကျန်မှုမရှိစေရေး၊ အမှိုက်များစနစ်တကျ စွန့်ပစ်စေရေးနှင့် ပန်းအလှပင်များစိုက်ပျိုးထားရှိရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဥတ္တရသီရိမြို့နယ် ရာဇသိင်္ဂဟလမ်းမကြီးသို့ သွားရောက်ပြီး ငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးခဲ့သောလမ်းပိုင်းများပြုပြင်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် ၂၀၂၅ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးပစ်)ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြင့်ခြင်း အခမ်းအနားကို ဇမ္ဗူသီရိမြို့နယ် နေပြည်တော်အားကစားရုံ၌ ကျင်းပခဲ့ရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ဇနီး၊ နေပြည်တော်ကောင်စီဝင်များနှင့် ဇနီးများ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများတက်ရောက်ခဲ့သည်။
ဦးစွာ အသင်းအလိုက် (၉) ဦးပြိုင်ပွဲ၊ အသင်းအလိုက် (၃) ဦးပြိုင်ပွဲနှင့် တစ်ဦးချင်းဗိုလ်လုပွဲများအား နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သည့် ဇမ္ဗူသီရိမြို့နယ်အသင်းအား နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်၊ ဒုတိယဆုရရှိခဲ့သည့် ပုဗ္ပသီရိမြို့နယ်အသင်းအား နေပြည်တော်ကောင်စီဝင် ဦးဟန်သူနှင့် ပထမဆုရရှိခဲ့သည့် ဒက္ခိဏသီရိမြို့နယ်အသင်းအား နေပြည်တော်ကောင်စီဝင် ဦးမင်းဦးတို့မှ ဆုတံဆိပ်နှင့်ငွေသားဆုကိုလည်းကောင်း၊ အမျိုးသမီးအသင်းလိုက်(၃)ဦး ပြိုင်ပွဲတွင် တတိယဆုရရှိသည့် ဇမ္ဗူသီရိမြို့နယ်အသင်းအား နေပြည်ဝောာ်ကောင်စီဝင် ဦးမြင့်စိုး၏ ဇနီး၊ ဒုတိယဆုရရှိသည့် ပုဗ္ပသီရိမြို့နယ်အသင်းအား နေပြည်တော်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် ပထမဆုရရှိသည့် ဒက္ခိဏသီရိမြို့နယ်အသင်းအား နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၏ဇနီးတို့မှ တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကို လည်းကောင်း၊ အမျိုးသမီးအသင်းလိုက် (၉)ဦးပြိုင်ပွဲ တွင် တတိယဆုရရှိသည့် ဇမ္ဗူသီရိမြို့နယ်အသင်းအား နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ဒုတိယဆုရရှိသည့် ပုဗ္ပသီရိမြို့နယ်အသင်းအား နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၏ ဇနီးနှင့် ပထမဆုရရှိသည့် ဒက္ခိဏသီရိမြို့နယ်အသင်းအား နေပြည်တော် အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်သီတာဇင်တို့မှ တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကို လည်းကောင်း၊ တံခွန်စိုက်ဆုရရှိသည့် ဒက္ခိဏသီရိမြို့နယ်အသင်းအား နေပြည်တော်အားကစားနှင့်ကာယပညာကော်မတီနာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးမှ တံခွန်စိုက်ဆုဖလားအား ပေးအပ်ချီးမြှင့်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)