ရန်ကုန် ကွန်ပျူတာတက္ကသိုလ်၌ Product Show and Job Fair (2025) အခမ်းအနား ကျင်းပ

ရန်ကုန် စက်တင်ဘာ  

ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်တို့ ကြီးမှူးကျင်းပသည့် Product Show and Job Fair (2025) အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရွှေပြည်သာမြို့နယ်၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၊ စုဝေးခန်းမတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ မီမီခင်နှင့် တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူငယ်ရေးရာကော်မတီဝင်များ၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ သတင်းအချက်အလက် နည်းပညာဆိုင်ရာ လုပ်ငန်းရှင်များ၊ တက္ကသိုလ်များမှ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ စိတ်ပါဝင်စားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ အခမ်းအနားတွင် ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မီမီခင်က ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်၊ Product Showသို့ ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ရာရန်ကုန်ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မီမီခင်က လက်ခံရယူသည်။

ဆက်လက်၍ ဆုရ Project အဖွဲ့များနှင့် ပြည်တွင်း၊ ပြည်ပပြိုင်ပွဲများတွင် ဆုရ ကျောင်းသား၊ ကျောင်းသူများအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြပြီး ဆုရ Project အား Presentation ဖြင့် ပြသသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့က ကျောင်းသား၊ ကျောင်းသူ များ၏ Project များအား လှည့်လည်ကြည့်ရှုအားပေးသည်။

၎င်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့သည်  လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၊ ကစင်ကျေးရွာအုပ်စု၊ ရွှေလင်ဗန်းစက်မှုဇုန်ရှိ ယုဇနကုမ္ပဏီ လီမိတက်၏ စက်ရုံလည်ပတ်ပါက တစ်ရက်လျှင် ပဲပုတ်စေ့ (၁၅၀) တန်ကို ကြိတ်ဝါးနိုင်ပြီး ပဲပုတ်ဆီ (၂၀) တန်၊ ပဲပုတ်ဖတ်  (၁၂၅) တန်နှင့် ဆပ်ပြာကုန်ကြမ်းဆီ (၃.၅) တန် ထွက်ရှိနိုင်မည့် ပဲပုတ်ဆီစက်ရုံသို့ ရောက်ရှိရာ ရှင်းလင်းဆောင်တွင် တာဝန်ရှိသူများက လုပ်ငန်းများ ထုတ်လုပ်မည့် လုပ်ငန်းအဆင့်ဆင့်တို့ကို Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့သည် လည်ပတ်မည့် စက်ရုံအတွင်းရှိ ပဲပုတ်များကို သန့်စင်ခြင်း၊ ကြိတ်ခွဲခြင်းနှင့် ပေါင်းခြင်းများ ဆောင်ရွက်မည့် စက်အားလည်းကောင်း၊ ပဲပုတ်ဆီ ထုတ်လုပ်မည့် စက်အားလည်းကောင်း၊ ဆီများကို ပြန်လည်သန့်စင်မည့် စက်အားလည်းကောင်း၊ ကုန်ကြမ်းများထားရှိမှု အခြေအနေများအားလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများနှင့် ပဲပုတ်ဆီ ထုတ်လုပ်မည့် လုပ်ငန်းစဉ် အဆင့်ဆင့်တို့ကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)