ဆိပ်ကြီးခနောင်တိုမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ဆောင်ရွက်

ဆိပ်ကြီးခနောင်တို စက်တင်ဘာ ၆

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်း၊ ပုံပြင်ပြော၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဂိမ်းကစားနည်းပြိုင်ပွဲများကို စက်တင်ဘာ ၅ ရက် နံနက် ၁၀ နာရီက ဆိပ်ကြီးခနောင်တိုမြို့နယ် အခြေခံအထက်တန်းကျောင်း (ခွဲ) အ.လ.က (၂) တွင် ကျင်းပပြုလုပ်သည်။

ဦးစွာ ဆိပ်ကြီးခနောင်တိုမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးရဲမြင့်က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဇင်ဦးက စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် အဆိုပါကျောင်းမှ ကျောင်းအုပ်ဆရာကြီးက ကျေးဇူးတင်စကားပြောကြားသည်။

ဆက်လက်၍ ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများအား ဘက်စုံထူးချွန်သော လူရည်ချွန်များ ဖြစ်လာစေရန်၊ အသိပညာဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လူအများရှေ့တွင် လိမ္မာကျွမ်းကျင်စွာ စကားပြောတတ်စေရန် ရည်ရွယ်ပြီး လူငယ်စကားဝိုင်းကို စတင်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဇင်ဦးက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး အဆိုပါကျောင်း Grade – 10 မှ မဝေဇင်ဖြိုးက လူငယ်နှင့်စာပေ ခေါင်းစဥ်ဖြင့်လည်းကောင်း မောင်နန်းဦးဇေယျာက လူငယ်နှင့်ယဥ်ကျေးမှု ခေါင်းစဥ်ဖြင့် လည်းကောင်း၊ မယွန်းနဒီလင်းကလူငယ်နှင့် စာရိတ္တ ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မောင်သာထူးအောင်က လူငယ်နှင့်အားကစား ခေါင်းစဥ်ဖြင့် လည်းကောင်း၊ မောင်သာဦးအောင်က လူငယ်နှင့်ကျန်းမာရေး စသည်ဖြင့် မိမိတို့နှစ်သက်ရာခေါင်းစဥ်အလိုက် ဆွေးနွေးပြောကြားခဲ့ကြပြီး၊ တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများထဲမှ သိရှိလိုသည်များကို မေးမြန်းကြရာ ခေါင်းစဥ်အလိုက် ဦးဆောင်ဆွေးနွေးကြသူများက ပြန်လည် ရှင်းလင်းဖြေကြားပေးခဲ့ကြသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲတို့ကို ယှဥ်ပြိုင်ကြရာ အကောင်းဆုံးယှဥ်ပြိုင်ပြောဆိုနိုင်သည့် ကျောင်းသား၊ ကျောင်းသူ ၆ ဦးအား မြို့နယ်တာဝန်ရှိသူများ၊ ဆရာဆရာမများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး၊ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စေရန်နှင့် အချင်းချင်း စည်းလုံးညီညွတ်စွာ ဆောင်ရွက်တတ်စေရန်ရည်ရွယ်ပြီး ဂိမ်းကစားနည်းပြိုင်ပွဲများ ပြုလုပ်ပေးသည်။

ယင်းနောက် ကျောင်းခန်းမတွင် ကျောင်းသား/ ကျောင်းသူများ ဗဟုသုတရရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ ကလေးအလုပ်သမားပပျောက်ရေး စသည့် အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်ပြပွဲကို အခမ်းအနား တက်ရောက်လာသည့် မြို့နယ်တာဝန်ရှိသူများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဝေယံ(ပြန်/ဆက်)