ကော့မှူး စက်တင်ဘာ ၆
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် တောင်ချောင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၅ ရက်နေ့နံနက် ၁၁နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာမူလွန်(တောင်ချောင်)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးမြင့်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က ယနေ့လူငယ်များအနေဖြင့် ကိုယ်ကျင့်တရားကောင်းမွန်သည့် လူငယ်များဖြစ်ရန်လိုကြောင်း၊ သဘာဝတရားကြီးသည် လူသားအားလုံးအတွက် အချိန်ကိုတန်းတူ ညီမျှပေးထားပြီး ဖြစ်ကြောင်း၊ အချိန်ကိုအကျိုးရှိစွာ အသုံးချခြင်းနှင့် အကျိုးမဲ့စွာ ဖြုန်းတီးခြင်းများကြောင့်သာရလာသည့် ရလဒ်များကွဲပြားခြား နားနေခြင်းဖြစ်ကြောင်း၊ ငယ်ရွယ်နုပျိုမှုသည် နှစ်ခါပြန်မရနိုင်သည့် အခွင့်အရေးပင်ဖြစ်ကြောင်း၊ မည်သည့်အရာကို ရည်မှန်းသည်ဖြစ်စေ ရည်မှန်းချက် ပန်းတိုင်နှင့် အနီးဆုံးအခြေအနေမှာ ရှိနေဖို့အရေးကြီးကြောင်း၊ လူငယ်ဆိုတာစပ်စုလေ့လာသင့်တယ်၊ ရှာဖွေစူးစမ်းပြီး ကိုယ့်အရိပ်ကိုယ်ခိုနိုင်အောင် ကြိုးစား၍ဗဟုသုတရှာဖွေသင့်ကြောင်း၊ လူတိုင်းမှာ လူငယ်စိတ်၊ လူငယ်အတွေး၊ လူငယ့်ရည်မှန်းချက်၊ လူငယ်ပန်းတိုင်ရှိသင့်ကြောင်းနှင့် လူငယ်များနေ့ဖြစ်ပေါ်လာပုံများစသည့် လူငယ်များနှင့်ပတ်သက်သောအကြောင်းအရာများအား ဟောပြောခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော သုတ/ရသစာအုပ်၊ စာစောင်များနှင့် အသိပညာပေးနံရံကပ်စာစောင်များ ပြသထားရာ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာနေကြကြောင်း သိရသည်။
ကျော်သူရ(ကော့မှူး)